၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ Fortune Global 500 စာရင်းမှာ တရုတ် စမတ်ဖုန်းကုမ္ပဏီ Xiaomi ပါဝင်လာပြီ ဖြစ်ပါတယ်။ Fortune Global 500 စာရင်းထဲ ပထမဆုံးအကြိမ် ပါဝင်လာတာ ဖြစ်သလို၊ ဒီစာရင်းထဲမှာ သက်တမ်းအနုဆုံး ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Xiaomi ဟာ ယမန်နှစ် ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၂၆,၄၄၃ ဒဿမ ၅၀ သန်း၊ အသားတင် အမြတ်ငွေ ဒေါ်လာ ၂၀၄၉ ဒဿမ ၁၀ သန်း ရရှိခဲ့ပြီး၊ Fortune Global 500 စာရင်းမှာ အဆင့် ၄၆၈ နေရာက ရပ်တည်နေပါတယ်။ ကုမ္ပဏီ တည်ထောင်ပြီး ၉ နှစ် အကြာမှာပဲ Fortune Global 500 စာရင်းကို ဝင်ရောက်နိုင်ခဲ့တာပါ။
အင်တာနက်ဝန်ဆောင်မှုနဲ့ လက်လီကုမ္ပဏီ နယ်ပယ်မှာလည်း အဆင့် ၇ နေရာ ရရှိထားတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“Fortune Global 500 စာရင်းထဲ ရောက်ဖို့ Xiaomi က ၉ နှစ်ပဲ အချိန်ယူခဲ့ရပါတယ်။ Mi ပရိတ်သတ်တွေနဲ့ အသုံးပြုသူအားလုံးရဲ့ တခဲနက်အားပေးမှု ကျေးဇူးတွေကြောင့် စိုက်ထူနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခုပါ။ ယခုနှစ် စာရင်းထဲမှာ ကျနော်တို့က သက်တမ်းအနုဆုံး ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အမြဲ အမှတ်ရနေမယ့် ဂုဏ်ယူစရာ စံချိန်တခုပါပဲ။ ကမ္ဘာ့ဈေးကွက် တခုလုံး ထိုးဖောက်မယ့် ကျနော်တို့ရဲ့ ခရီးစဉ်မှာ ဒီထက် ပိုကောင်းတဲ့ စံချိန်တွေ တင်သွားဦးမှာပါ” လို့ Xiaomi ကုမ္ပဏီတည်ထောင်သူ၊ CEO နဲ့ ဥက္ကဋ္ဌ ဖြစ်သူ Lei Jun က ပြောကြားခဲ့ပါတယ်။
Xiaomi ကို ၂၀၁၀ ခုနှစ်၊ ဧပြီလမှာ စမတ်ဖုန်းနဲ့ IoT ပလက်ဖောင်း ချိတ်ဆက် စမတ်ပစ္စည်းတွေကို အဓိက ထုတ်လုပ်တဲ့ အင်တာနက် ကုမ္ပဏီတခုအဖြစ် စတင် တည်ထောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း Fortune China 500 စာရင်းမှာ ပထမဆုံးအကြိမ် ဖော်ပြခံခဲ့ရပါတယ်။
နိုင်ငံတကာဈေးကွက် သုတေသနအဖွဲ့အစည်း IDC ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ မတ်လမှာ Xiaomi က ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်သွားပါပြီ။ ယမန်နှစ်ထက် ၃၂ ဒဿမ၂ ရာခိုင်နှုန်း အရောင်းတက်ခဲ့တာ တွေ့ရပါတယ်။
Xiaomi ဟာ ကိုယ်တိုင် စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေသလို Xiaomi Ecosystem ကွန်ရက် အဖြစ် ကုမ္ပဏီပေါင်း ၂၀၀ ကျော်ကိုလည်း ရင်းနှီး ပျိုးထောင်ပေးထားပါတယ်။ ဒီကုမ္ပဏီ အများစုကလည်း စမတ်ပစ္စည်းတွေကို အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ဖြစ်တာကြောင့် စမတ်ဖုန်းနဲ့ လက်ပ်တော့ မပါ IoT (အင်တာနက်ချိတ်ဆက်ပစ္စည်း) ပေါင်း ၁၇၁ သန်းနဲ့ ကမ္ဘာ့အကြီးဆုံး IoT ပလက်ဖောင်းကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ဝင်ငွေအလိုက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေကို စာရင်းပြုစုထားတဲ့ Fortune Global 500 စာရင်းမှာ အမေရိကန် လက်လီအရောင်းကုမ္ပဏီ Walmart က ဝင်ငွေ ဒေါ်လာ ၅၁၄ ဘီလျံကျော်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အင်တာနက်နဲ့ နည်းပညာကုမ္ပဏီတွေထဲမှာတော့ Apple က ဦးဆောင်လျက် ရှိပါတယ်။
ယခုနှစ် Fortune Global 500 စာရင်းမှာ၊ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ကုမ္ပဏီတွေထက် တရုတ်ကုမ္ပဏီတွေ ပိုများနေတာ တွေ့ရပါတယ်။
Ref: Live Mint, GSM Arena
You may also like these stories:
လက်ဗွေရာဆန်ဆာနဲ့ Bluetooth ပါဝင်တဲ့ စမတ်တံခါးသော့ကို Xiaomi မိတ်ဆက်
ရောင်စုံမျက်နှာပြင်နဲ့ အသံထိန်းချုပ် စနစ်တို့ ပါဝင်လာတဲ့ Mi Band 4 စမတ်လက်ပတ်ကို မိတ်ဆက်
အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာတဲ့ Xiaomi Mi A3 ဖုန်းကို မိတ်ဆက်
ဖုန်းတွေကို အလိုအလျောက် အရောင်းစက်နဲ့ ရောင်းချသွားမယ့် Xiaomi