Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor က Laptop အသစ်တလုံးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။ “Honor MagicBook Pro” လို့ နာမည်ပေးထားပြီး၊ Apple ရဲ့ 16-inch MacBook Pro နဲ့ ဈေးကွက်ပြိုင်ဆိုင်ရမယ့် Laptop တလုံး ဖြစ်ပါတယ်။
Honor MagicBook Pro ကို အလူမီနီယမ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး၊ ငွေရောင်တမျိုးပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Full HD ရုပ်ထွက်အရည်အသွေးရှိတဲ့ ၁၆ ဒဿမ ၁ လက်မအရွယ် Display နဲ့ပါ။ မျက်နှာပြင် ဘေးဘောင်တွေက ၄ ဒဿမ ၉ မီလီမီတာပဲ ရှိတာကြောင့် စခရင်က ကိုယ်ထည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အပြည့် နေရာယူထားပါတယ်။
ဘောင်တွေ သေးသွားတာကြောင့် Laptop ကိုယ်ထည်တခုလုံးက ဗြက်ပိုသေးသွားပြီး၊ သာမန် 15.6-inch Notebook တလုံးထက်တောင် အရွယ် ပိုကျစ်သွားပါတယ်။
စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်း ပိုမြန်လာတဲ့ Intel ရဲ့ 8th Gen Core i7-8565 CPU ၊ Nvidia GeForce MX250 ဂရပ်ဖစ်ကတ်တို့နဲ့ ထွက်ရှိလာမှာပါ။ Core i5 နဲ့ ယူမယ်ဆိုရင်တော့ ဈေးပိုသက်သာမှာပါ။ RAM ကို အမြင့်ဆုံး 16GB အထိ စိုက်နိုင်သလို၊ SSD Storage ကိုလည်း 1TB အထိ ရွေးချယ်နိုင်ပါတယ်။
Honor MagicBook Pro မှာ အပူချိန်တိုင်းတဲ့ ဆန်ဆာ ၇ ခု တိတိ ထည့်ပေးထားပါတယ်။ Laptop အတွင်း အပူချိန်ကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ပြီး၊ ပန်ကာ ၂ လုံးနဲ့ လေဝင်လေထွက် အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။ ပန်ကာတွေကို ဆူညံသံ သိပ်မထွက်အောင် အထူးပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။
အောက်ခံ အဖြူရောင်မီး ပါဝင်တဲ့ ကီးဘုတ်ကို အသုံးပြုထားပြီး၊ ရှေ့ကင်မရာ (Webcam) ကို Function ကီးထဲမှာ မြှုပ်ထည့်ပေးထားတာပါတယ်။ ဒီခလုတ်ကို နှိပ်လိုက်တော့မှ အောက်ကနေ ကင်မရာ ကြွတက်လာမယ့် ထူးထူးခြားခြား ဒီဇိုင်းပါ။ 56Wh ဘက်ထရီနဲ့ ဖြစ်ပြီး၊ အားအပြည့်တခါ သွင်းပြီးရင် ၁၄ နာရီလောက် အသုံးခံမယ်လို့ Honor က ပြောထားပါတယ်။
USB Type-C တပေါက်၊ USB Type-A သုံးပေါက်၊ HDMI တပေါက် အစုံ ပါဝင်မှာပါ။ အင်တာနာ နှစ်ခုသုံး WLAN ပါဝင်တာကြောင့် Network မြန်နှုန်း အမြင့်ဆုံး 1733Mbps အထိ ရရှိနိုင်ပါလိမ့်မယ်။ Magic Link 2.0 လည်း သုံးနိုင်ပါတယ်။ အလေးချိန် ၁ ဒဿမ ၇ ကီလိုဂရမ်ပဲ ရှိတာကြောင့် သွားလေရာကို ပေါ့ပေ့ါပါးပါး သယ်ဆောင်သွားနိုင်မယ့် Ultrabook တလုံး ဖြစ်ပါတယ်။
Core i5 ၊ 8GB RAM နဲ့ 512GB SSD မော်ဒယ်က ၅,၄၉၉ ယွမ် (ဒေါ်လာ ၈၀၀ ခန့်) ရှိပါတယ်။ Core i7 ၊ 16GB RAM နဲ့ 1TB SSD ပါတဲ့ အမြင့်ဆုံးမော်ဒယ် လိုချင်ရင်တော့ ၇,၉၉၉ ယွမ် (ဒေါ်လာ ၁,၁၀၀ ခန့်) ကျသင့်မှာပါ။ Huawei ရဲ့ အွန်လိုင်းစတိုး Vmall ကနေ ကြိုတင် အော်ဒါ မှာထားနိုင်ပြီး၊ ဇူလိုင် ၂၉ ရက်နေ့မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Ref: Gizmochina, Gadgets 360
You may also like these stories:
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ
Screen ၂ ခု ပါဝင်တဲ့ လက်ပ်တော့ကို HP မိတ်ဆက်
CES 2019 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ အကောင်းဆုံး Laptop မျာ