ကင်မရာနဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Fujifilm က “SX800” လို့ အမည်ပေးထားတဲ့ စောင့်ကြည့် ကင်မရာ တလုံးကို ပထမဆုံးအကြိမ် ထုတ်လုပ်လိုက်ပါတယ်။ ကုမ္ပဏီလုပ်ငန်းကြီးတွေနဲ့ နိုင်ငံတကာ နယ်နမိတ်တွေမှာ လုံခြုံရေးအတွက် အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ တာဝေးစောင့်ကြည့် ကင်မရာတလုံး ဖြစ်ပါတယ်။
SX800 စောင့်ကြည့်ကင်မရာမှာ 20-800mm Focal Length ရှိတဲ့ Lens ကို အသုံးပြုထားပြီး၊ 40x အထိ Optical Zoom ဆွဲရိုက်နိုင်ပါတယ်။ Digital Zoom လည်း နောက်ထပ် 1.25x အထိ ရတာကြောင့် စုစုပေါင်း Focal Length 1,000mm အထိ ရိုက်နိုင်ပါတယ်။ ဒါကြောင့် ၁ ကီလိုမီတာ (ဝ.၆ မိုင်) အကွာမှာ ရပ်ထားတဲ့ ကားတစီးရဲ့ လိုင်စင် နံပါတ်ပြားကိုတောင် မြင်အောင် ရိုက်ပေးနိုင်မှာ ဖြစ်တယ်လို့ Fujifilm က ပြောပါတယ်။
ဒီလောက်ဝေးတဲ့နေရာက ပုံရိပ်ကို ငြိမ်အောင် ရိုက်နိုင်ဖို့အတွက် SX800 မှာ အဆင့်မြင့် ပုံရိပ်တုန်ခါမှုလျော့ချမှုနည်းပညာ၊ ဝ.၃ စက္ကန့်သာ ကြာတဲ့ Autofocus စနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံရိပ်ထင်ရှားဖို့အတွက် တံလျှပ်နဲ့ မြူနှင်းတွေကို လျော့ချပေးမယ့် လုပ်ဆောင်ချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ISO Levels 819200 အထိ တင်နိုင်တာကြောင့် ညဘက်မှာလည်း ကောင်းကောင်း ရိုက်ကူးနိုင်မှာပါ။
Fujifilm ရဲ့ X Series ကင်မရာတွေမှာ ပါဝင်တဲ့ “အဆင့်မြင့် ပုံရိပ်ဖော်ဆောင်မှု နည်းပညာ” ကို အသုံးချပြီး၊ SX800 ကို ထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
Fujifilm က တင်ထားတဲ့ ကြော်ငြာဗီဒီယိုမှာတော့ SX800 စောင့်ကြည့်ကင်မရာဟာ ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) အကွာအဝေးက လူတယောက် ကိုင်ထားတဲ့ ဆိုင်းဘုတ်ကိုတောင် ဖတ်နိုင်တာ တွေ့ရပါတယ်။ ၃ ကီလိုမီတာ (၁.၈၆ မိုင်) အကွာအဝေးက တိုကျိုတာဝါကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။
Fujiflim ရဲ့ SX800 စောင့်ကြည့်ကင်မရာကို ဇူလိုင် ၂၆ ရက်နေ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။
Ref: The Verge, The Next Web
You may also like these stories:
ဦးနှောက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်မယ့် နည်းပညာကို သူဌေး Elon Musk စမ်းသပ်နေ
Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ
Huawei ရဲ့ ပထမဆုံး Smart TV မှာ ကိုယ်ပိုင် OS အသုံးပြုသွားမည်
ဘာသာစကား ၄၃ မျိုးကို ဘာသာပြန်ပေးနိုင်တဲ့ ကိရိယာတမျိုး ဂျပန်နိုင်ငံက တီထွင်