Intel ရဲ့ စမတ်ဖုန်း Modem လုပ်ငန်းကို ဒေါ်လာ ၁ ဘီလျံနဲ့ ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း Apple က ယနေ့ ကြေညာလိုက်ပါတယ်။ Intel ရဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်ပေါင်း ၁,၇၀၀ ကျော်နဲ့ ပစ္စည်းကိရိယာတွေ အပြင် Intel ဝန်ထမ်းပေါင်း ၂,၂၀၀ ကျော်လည်း Apple ကုမ္ပဏီကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာ အပြီးသတ် ငွေချေ ဝယ်ယူသွားမယ်လို့ သိရပါတယ်။
Apple က ဝယ်လိုက်ပြီဆိုပေမယ့် Intel အနေနဲ့ Modem လုပ်ငန်းကနေ အပြီးတိုင် ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ PC ၊ Internet of Things (IoT) ပစ္စည်းတွေ နဲ့ မောင်းသူမဲ့ မော်တော်ယာဉ်တွေ အတွက် Modem တွေကို ဆက်လက် ထုတ်သွားဦးမှာပါ။
စမတ်ဖုန်း Modem လုပ်ငန်းကို ရောင်းချလိုက်တာကြောင့် ကုမ္ပဏီအနေနဲ့ အခြား 5G နည်းပညာတွေကို အာရုံစိုက် လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ Intel CEO Bob Swan က ပြောကြားခဲ့ပါတယ်။
Apple အနေနဲ့လည်း Intel Modem လုပ်ငန်းကို ဝယ်နိုင်လိုက်တာကြေင့် Qualcomm ကိုပဲ အားထားစရာ မလိုတော့ဘဲ စမတ်ဖုန်းတွေအတွက် ကိုယ်ပိုင် 5G Modems တွေကို ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Modem နည်းပညာကို ကုမ္ပဏီ ရည်ရွယ်ထားတဲ့ လမ်းစဉ်အတိုင်း စိတ်ကြိုက် ပုံဖော်နိုင်မှာ ဖြစ်သလို၊ Modem တွေကို ကုမ္ပဏီရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ပိုမိုသဟဇာတဖြစ်အောင် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ထုတ်ကုန်တခုကို Software ကော Hardware ပါ အစအဆုံး ကိုယ်တိုင် ထုတ်နိုင်ရမယ်ဆိုတဲ့ Apple ရဲ့ ခံယူချက်နဲ့ ထပ်တူကျတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။
Apple ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ရန်သူတော်ဟောင်းဖြစ်တဲ့ Qualcomm နဲ့ ၆ နှစ်တာ လိုင်စင်သုံးခွင့် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ကိုယ်ပိုင် Modem တွေ ထုတ်လုပ်ရာမှာ အဆိုပါ လိုင်စင်တွေကလည်း အဓိကအားထားစရာ ဖြစ်လာမှာပါ။
Ref: The Verge, Ars Technica
You May Also Like These Stories:
Verizon က ပထမဆုံး 5G MiFi စက်ကို ဒေါ်လာ ၆၅၀ နဲ့ ရောင်းချ
Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ