Honor ရဲ့ တန်ဖိုးနည်း ဖုန်းမော်ဒယ်အသစ် “Honor 8S” ကို မြန်မာနိုင်ငံဈေးကွက်မှာ ဒီနေ့ စတင် ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာ ဧပြီလအတွင်းက မိတ်ဆက်ခဲ့ပြီးနောက်၊ ၂ လအကြာမှာပဲ ပြည်တွင်းဈေးကွက်ကို ရောက်ရှိလာတာပါ။ တမူ ထူးခြားတဲ့ ဒီဇိုင်း၊ သင့်တင့်တဲ့ စွမ်းဆောင်ရည်တွေ ပါရှိတဲ့ Entry-level စမတ်ဖုန်း တလုံး ဖြစ်ပါတယ်။
Honor 8S ကို ပြည်တွင်းဈေးကွက်မှာ ကျပ်ငွေ ၁၄၉,၀၀၀ တည်းနဲ့ ရောင်းချပေးသွားမှာပါ။ တန်ဖိုးနည်းဖုန်း ဆိုပေမယ့် ကြီးမားတဲ့ ၅ ဒဿမ ၇၁ လက်မ အရွယ် HD+ LCD Display ကို အသုံးပြုပေးထားပါတယ်။ နှင်းစက်ပုံစံ Notch ပါဝင်တဲ့ ခေတ်မီ မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ပါ။
ရှည်လျားတဲ့ 19:9 မျက်နှာပြင် အချိုးအစား သုံးထားတာကြောင့် တန်ဖိုးကြီးဖုန်း တလုံးလို့ ထင်ရမှာပါ။ ဒါ့အပြင် TUV Rheinland အသိအမှတ်ပြု လက်မှတ် ရရှိထားတဲ့ Display ဖြစ်တာကြောင့် မျက်စိ ညောင်းညာ ကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကို လျော့ချပေးမှာပါ။
Honor 8S ရဲ့ ကျောဘက် ပလတ်စတစ် ကိုယ်ထည်ကိုလည်း အများနဲ့မတူ ထူးခြားတဲ့ အထည်သားပုံစံ ဒီဇိုင်း ဖော်ပေးထားတာက တမျိုး ဆွဲဆောင်မှု ရှိပါတယ်။ ကျောဘက်မှာတော့ f/1.8 Lens နဲ့ 13MP ကင်မရာ ၁ လုံး ပါဝင်မှာပါ။
ကင်မရာမှာ HDR နဲ့ PDAF လို လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အရှေ့ကင်မရာကတော့ 5MP, f/2.2 ကင်မရာပါ။ Selfie ရိုက်ဖို့အတွက် LED ‘Selfie Light’ ပါဝင်တာကြောင့် အလင်းနည်းတဲ့ အချိန်မှာလည်း ကြည်လင် ပြတ်သားတဲ့ Selfie တွေ ရိုက်နိုင်မှာပါ။ လက်ဗွေရာဆန်ဆာ မပါဝင်ပေမယ့် မျက်နှာနဲ့ ဖုန်းဖွင့်နိုင်တဲ့ နည်းပညာ ထည့်ပေးထားတာ တွေ့ရပါတယ်။
စွမ်းဆောင်ရည် အသင့်အတင့် ရှိတဲ့ Helio A22 Chipset ကို အသုံးပြုပေးထားပြီး၊ 2GB RAM နဲ့ 32GB Storage တို့ ပါဝင်မှာပါ။ microSD ကတ်ကိုလည်း 512GB အထိ ထပ်စိုက်နိုင်ပါတယ်။ SIM နှစ်ကတ်အပြင် microSD တကတ်၊ စုစုပေါင်း ၃ ကတ်အထိ စိုက်နိုင်တာကတော့ ဒီဖုန်းရဲ့ အားသာချက် တခုပါ။
Android Pie စနစ်အခြေခံ နောက်ဆုံးပေါ် EMUI 9.0 နဲ့ ထွက်ရှိလာမှာပါ။ 3,020mAh ဘက်ထရီ ပါဝင်ပြီး၊ တန်ဖိုးနည်းဖုန်း ဖြစ်တာကြောင့် အားအမြန်သွင်း စနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ microSD အပေါက်ကနေပဲ အားသွင်းရပါမယ်။
3.5mm နားကြပ်ပေါက်နဲ့ FM Radio တွေတော့ မပျက်မကွက် ပါဝင်လာပါတယ်။ ယနေ့ ဇူလိုင် ၂၆ ရက်နေ့က စတင် ဝယ်ယူနိုင်ပြီဖြစ်ကာ၊ အနက်၊ အပြာနဲ့ ရွှေရောင် ၃ မျိုး ရွေးချယ်နိုင်မှာပါ။
“ဈေးသက်သာပြီး အသုံးဝင်တဲ့ စမတ်ဖုန်း အမျိုးအစားကို ရှာဖွေနေသူတွေအတွက် ကျပ် ၁၄၉,၀၀၀ သာ ကျသင့်မယ့် Honor 8S က စိတ်ကြိုက်တွေ့စေမယ့် ဖုန်းတလုံး ဖြစ်ပါတယ်” လို့ Honor Myanmar ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mr. Bai Jing က ပြောကြားခဲ့ပါတယ်။
Ref. Honor Myanmar, GSM Arena
You may also like these stories:
၁၆ လက်မ ဘောင်မဲ့ မျက်နှာပြင် ပါဝင်တဲ့ Honor MagicBook Pro ထွက်ရှိ
Pop-up ကင်မရာ အသုံးပြုထားတဲ့ Honor 9X ဖုန်းအသစ်တွေကို မိတ်ဆက်
သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းပေးနိုင်တဲ့ Honor Band 5 စမတ်လက်ပတ်ကို မိတ်ဆက်
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ