Huawei က Nova 5i Pro ဖုန်းအသစ်ကို ယနေ့ပဲ တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကျောကင်မရာ ၄ လုံးနဲ့ ပွဲထွက်လာတဲ့ Mid-range ဖုန်းအသစ်ဖြစ်ပြီး၊ နိုင်ငံတကာဈေးကွက်ကို “Mate 30 Lite” နာမည်နဲ့ ဝင်ရောက်လာနိုင်ပါတယ်။
Nova 5i Pro မှာ ၆ ဒဿမ၂၆ လက်မအရွယ် Full HD+ အရည်အသွေးရှိတဲ့ IPS LCD ကို အသုံးပြုထားပါတယ်။ ရှေ့ကင်မရာကို မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ထည့်ထားတာကြောင့် ဘေးဘောင်နဲ့ Notch တွေ ပါဝင်မှာ မဟုတ်ပါဘူး။ စခရင်က ဖုန်းကိုယ်ထည်တခုလုံး အပြည့်ဖြစ်နေမှာပါ။ TUV Rheinland အသိအမှတ်ပြု လက်မှတ် ရရှိထားတဲ့ Display ဖြစ်တာကြောင့် မျက်စိညောင်းညာ ကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကနေ ကာကွယ်ပေးနိုင်မှာပါ။
Huawei ရဲ့ 7nm Chipset အသစ် Kirin 810 နဲ့ ထုတ်ပေးသွားမှာပါ။ Nova 5၊ Honor 9X နဲ့ 9X Pro ပြီးနောက် Kirin 810 အသစ် ပါဝင်လာတဲ့ စတုတ္ထမြောက် ဖုန်း ဖြစ်ပါတယ်။
ဒီဖုန်းရဲ့ အဓိက ဆွဲဆောင်ချက်ကတော့ အနောက် ကင်မရာ ၄ လုံးတိတိ သုံးပေးထားတာပါ။ 48MP, f/1.8 Sony IMX586 Sensor သုံးထားတဲ့ အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Super Macro ကင်မရာနဲ့ 2MP Depth Sensor ၄ လုံးတွဲ ဖြစ်ပါတယ်။ Portrait Mode ၊ AI Beautiifcation ၊ AI Scene Recognition ၊ HDR စတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ အစုံအလင် အသုံးပြုနိုင်မှာပါ။
အရှေ့မျက်နှာပြင်ထဲမှာတော့ 32MP, f/2.0 ကင်မရာ ၁ လုံးကို ဖောက်ထည့်ပေးထားပါတယ်။
ကြီးမားတဲ့ 4,000mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ USB-C ကနေ 22.5W အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာပါ။ ဖုန်းအား ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း မြန်ဆန်စွာ သွင်းပေးနိုင်ပါတယ်။ 3.5mm နားကြပ်ပေါက်လည်း အစဉ်အလာမပျက် ပါဝင်လာပါသေးတယ်။
Nova 5i Pro ကို သြဂုတ် ၂ ရက်နေ့မှာ အွန်လိုင်းကနေ အချိန်အကန့်အသတ်နဲ့ ၂ ခါတိတိ ရောင်းချပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အရောင်ကတော့ အနက်၊ အစိမ်းနဲ့ အပြာ ဆိုပြီး ၃ ရောင် ရွေးချယ်နိုင်မှာပါ။ ဈေးနှုန်းကတော့ 6GB+128GB မော်ဒယ်ကို ၂၉၀ ယူရိုခန့်၊ 8GB+128GB မော်ဒယ်ကို ၃၃၀ ယူရိုခန့်နဲ့ 8GB+256GB မော်ဒယ်ကို ၃၇၀ ယူရိုခန့် သတ်မှတ်ထားပါတယ်။
Ref: Gimochina
You may also like these stories:
Huawei ရဲ့ ပထမဆုံး 5G ဖုန်းကို ယခုလ စတင် ရောင်းချမည်
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ
အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီ
Huawei ရဲ့ ပါဆယ်ထုပ်ကို ပြန်ပို့ခဲ့ပြီးနောက် FedEx က အမေရိကန်အစိုးရကို တရားစွဲဆို