လွန်ခဲ့တဲ့ နှစ်အတွင်း စမတ်ဖုန်း နယ်ပယ်မှာ တီထွင်ဆန်းသစ်မှု အများဆုံးလုပ်နိုင်တဲ့ ကုမ္ပဏီတွေထဲမှာ တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေက အများဆုံး ဖြစ်ပါတယ်။ ဒီထဲမှာ BKK Electronics ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ OPPO လည်း အပါအဝင်ပါ။
OPPO ဟာ ဒီနှစ်ထဲမှာတင် “မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်”၊ “Wi-Fi နှစ်လိုင်း ပြန်ချိတ်နိုင်တဲ့ နည်းပညာ”၊ “10x Lossless Zoom” ကင်မရာတွေကို ပြသထားနိုင်ပါတယ်။ အခုလည်း နောက်ထပ် မျက်နှာပြင်နည်းပညာသစ် တမျိုးကို ထပ်မံ ပြသလိုက်ပြန်ပါပြီ။
OPPO ကုမ္ပဏီရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ Brian Shen ရဲ့ Weibo စာမျက်နှာမှာ “Waterfall Screen” လို့ အမည်ပေးထားတဲ့ စခရင် နည်းပညာသစ် အသုံးပြုထားတဲ့ ရှေ့ပြေး ဖုန်းမော်ဒယ်တခုကို ဒီနေ့ တွေ့မြင်ခဲ့ရပါတယ်။ ဖုန်းမျက်နှာပြင် နှစ်ဘက်စလုံးက ၈၈ ဒီဂရီအထိ ကွေးနေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Samsung မှာလည်း အလားတူ ဘေးမျက်နှာပြင်ကွေးနေတဲ့ Edge ဒီဇိုင်းမျိုး ရှိပေမယ့်၊ OPPO ဒီဇိုင်းက ပိုပြီး ကွေးနေတာ တွေ့ရမှာပါ။
ဘေးမျက်နှာပြင်အကွေးကို Samsung လိုမျိုး App Shortcuts နဲ့ Notification ပြဖို့အတွက် သုံးမှ ာမဟုတ်ဘဲ စခရင်အမြင် ပိုကျယ်သွားစေဖို့ပဲ ရည်ရွယ်ထားတာပါ။
ဘေးဘောင်ရယ်လို့ လုံးဝ မရှိတော့တာကြောင့် လက်ရှိ စခရင်အပြည့်ဖုန်းတွေထက် စခရင်နဲ့ ကိုယ်ထည်အချိုးအစား ပိုမြင့်သွားမှာပါ။ Notch နဲ့ အပေါက်တွေလည်း မပါသလို အပေါ်နဲ့ အောက်ဘောင်တွေကလည်း မပါသလောက်ကို သေးနေပါတယ်။
မနှစ်က ထုတ်ထားတဲ့ OPPO Find X နဲ့ ယှဉ်ပြထားတဲ့ ပုံအရ ယခု ရှေ့ပြေးမော်ဒယ်မှာ Sony Xperia 1 လိုပဲ ရှည်လျားတဲ့ 21:9 Aspect Ratio ကို အသုံးပြုထားပုံ ရပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ဘေးဘက်မှာလည်း ဘာခလုတ်မှ မတွေ့ရသလို ရှေ့ကင်မရာကိုလည်း မျက်နှာပြင်အောက်မှာ ထည့်ထားတဲ့ပုံပါ။
OPPO ဟာ ယခုမျက်နှာပြင်နည်းပညာအသစ် အသုံးပြုထားတဲ့ ပထမဆုံးဖုန်းကို လာမယ့် ၂၀၂၀ မှာ စတင်မိတ်ဆက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ OPPO နဲ့ မိခင်ကုမ္ပဏီ တူညီတဲ့ Vivo ကလည်း အလားတူ စခရင်နည်းပညာမျိုးကို Nex 3 ဖုန်းမှာ ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကြီးဖုန်းသတင်းပေးတယောက်ဖြစ်တဲ့ Ice Universe က ပြောကြားထားပါတယ်။
Huawei Mate 30 Pro နဲ့ Xiaomi Flagship ဖုန်းအသစ်တွေမှာလည်း ပါလာနိုင်ပါတယ်တဲ့။ ဒါဆိုရင်တော့ ရှေ့နှစ်ထဲမှာ စခရင်ပတ်လည်ကွေးနေတဲ့ စမတ်ဖုန်းတွေ အမြောက်အများ တွေ့ရတော့မှာပါ။
Ref: Gizmochina, India Today
You may also like these stories:
OPPO ကလည်း ကိုယ်ပိုင် ခေါက်ချိုးဖုန်း တလုံးကို ပြသ
Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ
ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO ပြသ