Google က ထုတ်တဲ့ Pixel စမတ်ဖုန်းတွေဟာ လက်ရှိ အကောင်းဆုံး Android ဖုန်းတွေအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလလောက်ဆို မျိုးဆက်သစ် Pixel 4 ဖုန်းကို တွေ့ရတော့မှာပါ။ တရားဝင် မိတ်ဆက်ပွဲ မလုပ်ရသေးပေမယ့် ဒီဖုန်းမှာ ပါဝင်လာမယ့် နည်းပညာအချို့ကို Google ကိုယ်တိုင် ထုတ်ပြောလိုက်ပါပြီ။
YouTube ဗီဒီယိုတခုနဲ့ Blog Post မှာ တင်ထားတဲ့ ပို့စ်တွေအရ Pixel 4 ဖုန်းမှာ လက်ဗွေရာဆန်ဆာ လုံးဝ ပါလာတော့မှာ မဟုတ်ပါဘူး။ ဒီအစား မျက်နှာနဲ့ ဖုန်းဖွင့်နိုင်တဲ့ Face Unlock နည်းပညာကိုပဲ အသုံးချသွားဖို့ ရှိပါတယ်။
Face Unlock ဆိုတာ iPhones အပါအဝင် အခုခေတ် စမတ်ဖုန်းတိုင်းလိုလိုမှာ ပါနေပြီဖြစ်တဲ့ နည်းပညာဖြစ်တာကြောင့် အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Pixel 4 ဖုန်းရဲ့ Face Unlock ကတော့ တခြားဖုန်းတွေထက် ပိုအဆင့်မြင့်ဖို့ ရှိပါတယ်။ Dot Projector ၊ အနီအောက်ရောင်ခြည် (IR)၊ RGB နဲ့ Depth ဆန်ဆာ အပါအဝင် ဆန်ဆာ အများအပြားကို အသုံးပြုသွားမှာပါ။ မတူညီတဲ့ မျက်နှာပုံသဏ္ဍာန်အမျိုးမျိုးကို ပိုမို တိကျစွာ ဖမ်းယူနိုင်ပြီး၊ အလင်းရောင် အခြေအနေမရွေး အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေဒါစနစ်လည်း ပါဝင်တာကြောင့် အသုံးပြုသူက ဖုန်းကို လှမ်းယူလိုက်တာနဲ့ IR ဆန်ဆာတွေကို ကြိုဖွင့်ပေးထားမှာပါ။ ပိုင်ရှင်ဖြစ်သူ ကောက်ကိုင်လိုက်တာနဲ့ ဖုန်းက ပွင့်ပြီးသား ဖြစ်နေမှာပါ။ iPhone နဲ့ တခြားဖုန်းတွေလို ဖုန်းကို မြှောက်စရာ ဒါမှမဟုတ် စခရင်ကို အရင်ဖွင့်စရာ လိုမှာ မဟုတ်ပါဘူး။
Google ဟာ ၎င်းရဲ့ Face Unlock နည်းပညာ ချို့ယွင်းချက်မရှိ အလုပ်လုပ်ဖို့အတွက် လူ့မျက်နှာ ဒေတာတွေကို တယောက် ၅ ဒေါ်လာပေးပြီး လိုက်လံစုဆောင်းနေတယ်လို့ သိရပါတယ်။
Pixel 4 ဖုန်းမှာ အဆင့်မြင့် Face Unlock အပြင် “Motion Sense” ဆိုတဲ့ နည်းပညာတခုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Soli ဆိုတဲ့ လှုပ်ရှားမှုအာရုံခံ ရေဒါကို အသုံးပြုပြီး လက်လှုပ်ရှားမှုပုံစံတွေကို သိရှိ ဖမ်းယူမယ့် နည်းပညာပါ။ ဖုန်းရှေ့မှာ လက်ကို ယမ်းလိုက်ရုံနဲ့ သီချင်းကျော်တာ၊ ပြောင်းတာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ LG G8 မှာ သုံးထားတဲ့ Hand ID ပုံစံမျိုးပါပဲ။
Motion Sense ကိုတော့ နိုင်ငံအချို့မှာပဲ အသုံးပြုနိုင်မယ်လို့ ပြောထားပါတယ်။ Google ဟာ ရေဒါစနစ်သုံး လက်ဟန်ပြထိန်းချုပ်စနစ် “Project Soli” ကို ဖန်တီးနေတာ ဆယ်စုနှစ် တခုလောက် ရှိနေပါပြီ။ ဒီနှစ် Pixel 4 ဖုန်းမှာ စတင် အသုံးချမယ့်ပုံ ပေါ်ပါတယ်။
ဒီပုံစံအတိုင်းဆို Pixel 4 ဖုန်းမှာ Software ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အသစ်တွေအပြင် ထူးခြားတဲ့ Hardware ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အသစ်တွေကိုလည်း မြင်တွေ့ရဖို့ ရှိပါတယ်။
Ref: Google, The Verge
ဆက်စပ် ဖတ်ရှုရန်
ရေဒါစနစ်သုံး လက်အမူအရာ ထိန်းချုပ်စနစ် စမ်းသပ်ရန် Google ခွင့်ပြုချက် ရရှိ
LG G8 မှာ ဖုန်းကို လက်ပြ ဖွင့်နိုင်တဲ့ “Hand ID” ပါဝင်လာ