လက်ရှိ အချိန်ဟာ ကမ္ဘာ့နိုင်ငံတိုင်းလိုလို 5G ဆက်သွယ်ရေး နည်းပညာသစ်ကို လွှင့်တင်နိုင်ဖို့ ကြိုးစားနေကြချိန် ဖြစ်ပါတယ်။ လောလောဆယ်တော့ တောင်ကိုရီးယား၊ မိုနာကို၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ စတဲ့ ၄ နိုင်ငံပဲ 5G ကွန်ရက်သစ် လွှင့်ပေးထားနိုင်ပါတယ်။ ဒီနိုင်ငံတွေမှာလည်း နေရာအချို့ပဲ 5G ကွန်ရက် ရသေးတာပါ။
မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ရင်ပေါင်တန်းကာ 5G ကွန်ရက်သစ် လွှင့်ပေးနိုင်ဖို့ ဆက်သွယ်ရေး အော်ပရေတာတွေ ကြိုးစားနေကြပါပြီ။
ယနေ့မှာတော့ ဆက်သွယ်ရေး အော်ပရေတာ MyTel က မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် 5G စမ်းသပ်ထုတ်လွှတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ယနေ့ပဲ ရန်ကုန်မြို့မှာ 5G စမ်းသပ် ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။
စမ်းသပ်မှုအဆင့်မှာ Huawei ကုမ္ပဏီရဲ့ နည်းပညာနဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ Gizchina သတင်းဌာနမှာ ဖော်ပြထားပါတယ်။
MyTel ဝန်ထမ်းတဦးက MyTel 5G ကွန်ရက်ကို မြန်နှုန်း စမ်းသပ်နေတဲ့ ဗီဒီယို တခုလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အဆိုပါပို့စ်မှာ “Mytel ရဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး 5G စမ်းသပ်ချက်ကတော့ အောင်မြင်သွားလို့ ဂုဏ်ယူနေပါပြီ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး မိတ်ဆက်ပေးနိုင်တာဆိုတော့ အရမ်းတွေ ရင်ခုန်နေပြီ”လို့ ရေးသားထားပါတယ်။
စမ်းသပ် ဗီဒီယိုအရ MyTel ရဲ့ 5G ကွန်ရက်ဟာ Download Speed 1.6Gbps နဲ့ Upload Speed 115Mbps လောက် ရခဲ့တာ တွေ့ရပါတယ်။ သာမန် 4G ကွန်ရက်မှာ Download Speed က 150Mbps လောက်ပဲ အမြင့်ဆုံး ရှိပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ 5G ကွန်ရက် တည်ဆောက်မှုမှာ Huawei ကပဲ ကြီးစိုးထားပါတယ်။ နောက်ထပ် တရုတ်ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ ZTE လည်း ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Gizchina