IT

ဒီဇိုင်းအသစ်၊ S Pen အသစ်နဲ့ Samsung Galaxy Tab S6 ကို မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Samsung က Galaxy Note 10 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ တပတ်ခန့်အလိုမှာ Galaxy Tab S6 တက်ဘလက်အသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပါးလျတဲ့ ဒီဇိုင်းအသစ်၊ ကျောကင်မရာနှစ်လုံး၊ S Pen အသစ် စသဖြင့် ဆန်းသစ်မှုတွေ အများကြီးလုပ်ပေးထားတဲ့ Flagship တက်ဘလက်တလုံးပါ။

မနှစ်က ထုတ်ထားတဲ့ Galaxy Tab S4 အတိုင်း Tab S6 မှာ ၁၀.၅ လက်မအရွယ် 2K AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ဘေးဘောင်တွေ ပိုသေးသွားတာကြောင့် မျက်နှာပြင်ပိုကြီးလာသလို ခံစားရမှာပါ။

ကိုယ်ထည်က ၅.၇ မီလီမီတာပဲ အထူရှိတာကြောင့် Tab S4 ထက် ပိုပါးသွားသလို အလေးချိန်လည်း ပိုပေါ့သွားပါတယ်။ ကိုယ်ထည်ပါးသွားတာကြောင့် ဘက်ထရီကတော့ အနည်းငယ် ပိုသေးသွားပြီး၊ 7,040mAh ဖြစ်သွားပါတယ်။

ဒါပေမယ့် ဗီဒီယိုပဲ ကြည့်မယ်ဆိုရင် ၁၅ နာရီလောက် ဘက်ထရီအသုံးခံတယ်လို့ Samsung က ပြောထားပါတယ်။

Galaxy Tab S6 ရဲ့ နောက်ဘက်ကိုယ်ထည်မှာ S Pen ကပ်ထားဖို့အတွက် အမြောင်းဖော်ပေးထားပါတယ်။ S Pen ကို သံလိုက်အားနဲ့ ကပ်ထားရင်း အားလည်း တခါတည်း သွင်းပေးနိုင်ပါတယ်။ S Pen နဲ့ တရောင်တည်းဖြစ်မယ့် အပြာရောင်၊ မီးခိုးရောင်နဲ့ ပန်းရောင်သုံးမျိုး ထုတ်သွားမှာပါ။

Samsung ဟာ Galaxy Tab S6 မှာ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာကို ပထမဆုံးအကြိမ် အသုံးပြုပေးထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး တက်ဘလက်ဆိုလည်း မမှားပါဘူး။ နောက်ထပ် ပထမဆုံးတခုကတော့ ကျောကင်မရာနှစ်လုံး ဖြစ်လာတာပါ။ Galaxy Tab S စီးရီးမှာ ကျောကင်မရာနှစ်လုံးပါတဲ့ ပထမဆုံး တက်ဘလက်လည်း ဖြစ်ပါတယ်။

Galaxy Note 9 ကလိုပဲ S Pen မှာ တက်ဘလက်ကို အဝေးကနေ ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဓာတ်ပုံရိုက်တာ၊ သီချင်းအဖွင့်အပိတ်လုပ်တာတွေကို အဝေးကနေ S Pen နဲ့ လှမ်းလုပ်နိုင်မှာပါ။

Air Gestures လည်း ပါဝင်လာတာကြောင့် S Pen ကို လက်မှာ ကိုင်ပြီး၊ လှည့်လိုက်ရုံနဲ့ အသံအတိုးအချဲ့တွေလည်း လုပ်နိုင်မှာပါ။ S Pen ထဲမှာ 0.35mAh ဘက်ထရီအား ပါရှိပြီး၊ ၁၀ နာရီလောက်အထိ အသုံးခံပါတယ်။ အားပြန်သွင်းမယ်ဆိုရင်လည်း အနောက်မှာ ကပ်ထားလိုက်ရုံနဲ့ ၁၀ မိနစ်အတွင်း အားပြန်ပြည့်သွားမှာပါ။

တက်ဘလက်တွေဟာ ဓာတ်ပုံရိုက်ဖို့ ဦးစားပေးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့် Galaxy Tab S6 မှာတော့ 13MP Wide Camera နဲ့ 5MP 123-degree Ultra-wide ကျောကင်မရာနှစ်လုံးကို ထည့်သွင်းပေးထားပါတယ်။ ရှေ့ကင်မရာကတော့ 8MP တလုံးတည်းပါ။ Face Unlock စနစ်လည်း သုံးနိုင်ဦးမှာပါ။

Chipset ကတော့ Tab S4 အတိုင်း Snapdragon 855 နဲ့ပါပဲ။ 6GB RAM နဲ့ 128GB Storage ပါတဲ့ မော်ဒယ်၊ 8GB RAM နဲ့ 256GB ပါတဲ့ မော်ဒယ် ဆိုပြီး နှစ်မျိုးထုတ်သွားမှာပါ။ microSD ကတ်ကိုလည်း 1TB အထိ ထပ်စိုက်နိုင်ပါတယ်။ 6GB/128GB မော်ဒယ်က ၆၄၉ ဒေါ်လာ၊ 8GB/256GB မော်ဒယ်က ၇၂၉ ဒေါလာ ပေးရမှာပါ။

Galaxy Tab S6 ကို ကွန်ပျူတာလို တွင်ကျယ်စွာ သုံးမယ်ဆိုရင်တော့ Book Cover Keyboard ကို သက်သက် ဝယ်ယူနိုင်ပါတယ်။ ၁၇၉ ဒေါ်လာ ပေးရမှာပါ။ Book Cover မှာ Trackpad ကော ကီးဘုတ်ပါ ပါဝင်ပါတယ်။

Tab S6 ကို သြဂုတ်လ ၂၃ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး၊ စက်တင်ဘာလအတွင်း စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Pre-order မှာတဲ့လူတွေအနေနဲ့ Book Cover ကို ၅၀ ရာခိုင်နှုန်း လျော့စျေးနဲ့ ရရှိမှာ ဖြစ်သလို၊ YouTube Premium အခမဲ့ အသုံးပြုခွင့်လည်း ၄ လတိတိ ရရှိမှာ ဖြစ်ပါတယ်။

Ref: The Verge, XDA Developers

You may also like these stories:

Galaxy S စီးရီးနဲ့ Note စီးရီးကို တခုတည်း ပေါင်းပစ်ဖွယ်ရှိတဲ့ Samsung

ဖုန်းများတွင် ဒေတာပမာဏ 1TB အထိ သိမ်းဆည်းနိုင်မည့် Chip ကို Samsung ဖန်တီးနေ

“မကွဲအက်နိုင်တဲ့ OLED Display အပျော့” ကို Samsung မိတ်ဆက်ပြသ

Did you find apk for android? You can find new Free Android Games and apps.
Loading