စမတ်ဖုန်း ကုမ္ပဏီတွေအနေနဲ့ သုံးလပတ် ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ရမယ့်အချိန် ကျရောက်လို့ လာပါပြီ။ ၂၀၁၉ ခုနှစ်၊ ဒုတိယ သုံးလပတ်အတွင်း စမတ်ဖုန်းနယ်ပယ်မှာ ကြီးကြီးမားမား ပြောင်းလဲမှုမျိုးတော့ မရှိခဲ့ပါဘူး။
တချိန်က ထိပ်သီး စမတ်ဖုန်း အမှတ်တံဆိပ်တွေ ဖြစ်တဲ့ LG နဲ့ Sony ကုမ္ပဏီနှစ်ခုလုံး ဖုန်းရောင်းအား ကျဆင်းခဲ့ပြီး၊ Huawei ကတော့ အမေရိကန်အစိုးရနဲ့ ကုန်သွယ်ရေး ပြဿနာတွေ ဖြစ်ခဲ့ပေမယ့် ရောင်းအား ဆက်လက် တိုးတက်ခဲ့တာ တွေ့ရပါတယ်။
LG ဟာ ဒုတိယ သုံးလပတ်မှာ ကုမ္ပဏီ တခုလုံးအနေနဲ့ အခြေအနေ ကောင်းခဲ့ပေမယ့် မိုဘိုင်းဌာနကတော့ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ယမန်နှစ်၊ ဒုတိယ သုံးလပတ် (Q2) နဲ့ ယှဉ်ရင် ဖုန်းရောင်းအား ၂၁ ဒဿမ ၃ ရာခိုင်နှုန်းအထိ ဆိုးရွားစွာ ကျဆင်းခဲ့တာပါ။ ဒါပေမဲ့ ပထမသုံးလပတ် (Q1)နဲ့ ယှဉ်ရင်တော့ ၆ ဒဿမ ၈ ရာခိုင်နှုန်း ရောင်းအားတက်လာတာ တွေ့ရပါတယ်။
ဖုန်းရောင်းအား ကျဆင်းရတဲ့ အကြောင်းရင်းထဲမှာ “တရုတ် အမှတ်တံဆိပ်တွေ ဆက်လက်ပြီး ဈေးအပြိုင်အဆိုင် လျော့ရောင်းနေတာကြောင့်” လည်း ပါတယ်လို့ LG က ပြောကြားခဲ့ပါတယ်။ လာမယ့် တတိယသုံးလပတ်မှာတော့ 5G ခေတ်စားလာတာရယ်၊ ထုတ်ကုန်အသစ်တွေ ထုတ်ဖို့ ရှိတာရယ်ကြောင့် တိုးတက်မှုပြမယ်လို့ ခန့်မှန်းထားပါတယ်။
ဂျပန်အခြေစိုက် Sony ကုမ္ပဏီလည်း LG နည်းတူ ဖုန်းရောင်းအား ကျဆင်းနေပါတယ်။ စမတ်ဖုန်းတွေ လည်း ပါဝင်တဲ့ အီလက်ထရောနစ် ပစ္စည်းနဲ့ နည်းပညာဌာနဟာ ၂၀၁၈ ခုနှစ်၊ Q2 နဲ့ ယှဉ်မယ်ဆိုရင် ရောင်းအား ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Sony ကတော့ စမတ်ဖုန်းတွေအပြင် TV နဲ့ ဒီဂျစ်တယ်ကင်မရာတွေပါ ဝယ်လိုအားကျတာကြောင့် ဖြစ်တယ်လို့ အပြစ်တင်ထားပါတယ်။ မိုဘိုင်းလုပ်ငန်းကတော့ ကုန်ကျစရိတ် လျော့ထားတာကြောင့် အခြေအနေတွေ တိုးတက်လာပြီလို့ ဆိုပါတယ်။
Sony ၊ LG တို့ စမတ်ဖုန်းဈေးကွက်မှာ ရုန်းကန်နေရချိန်မှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ကတော့ ဖုန်းရောင်းအားကော၊ ဆက်သွယ်ရေးပစ္စည်း ရောင်းအားပါ ဆက်လက် တိုးတက်နေပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုတွေကြောင့် ထိခိုက်မှုအချို့ ရှိခဲ့ပေမယ့် ရောင်းအား မရပ်တန့်သွားခဲ့ပါဘူး။ ဒီအတောအတွင်း ဖုန်းမော်ဒယ်အသစ်တွေ တလုံးပြီးတလုံး မှန်မှန် ထုတ်နေတာကြောင့်လည်း ပါနိုင်ပါတယ်။
Huawei ဟာ ယခုနှစ်၊ ဒုတိယ သုံးလပတ်မှာ ဖုန်းအလုံးရေ ၁၁၈ သန်းအထိ ရောင်းချခဲ့ရပြီး၊ အရင်နှစ်ထက် ၂၄ ရာခိုင်နှုန်း တက်လာတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း အခြေအနေ ကောင်းနေဆဲ ဖြစ်ကာ ဝင်ငွေ တရုတ်ယွမ် ၁၄၆ ဒဿမ ၅ ဘီလျံ အထိ ရရှိခဲ့ပါတယ်။
5G လုပ်ငန်းစာချုပ်ပေါင်း ၅၀ ကျော်ကို ချုပ်ထားနိုင်ပြီး ဖြစ်သလို၊ ဆက်သွယ်ရေး တာဝါတိုင်ပစ္စည်းပေါင်း ၁ သိန်းခွဲကျော်ကို ကမ္ဘာ့ဈေးကွက်အနှံ့ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: XDA Developers, Amdroid Police
You may also like these stories:
ကျောကင်မရာ ၄ လုံးနဲ့ ပွဲထွက်လာတဲ့ Huawei Nova 5i Pro စမတ်ဖုန်း
LG W Series အသစ် စမတ်ဖုန်း ၃ မျိုး အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်
Huawei က ခေါက်ချိုးဖုန်း ဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်
ကမ္ဘာ့ဈေးကွက်အများစုကနေ Sony Mobile ထွက်ခွာ