Xiaomi က “Mi Gaming Laptop 2019” မော်ဒယ်အသစ်ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေအပြင် PC ဈေးကွက်ကိုပါ ခြေဦးလှည့်နေပြီဖြစ်တဲ့ Xiaomi ရဲ့ ဒုတိယမြောက် Gaming Laptop ပါ။ အနိမ့်ဆုံး ဒေါ်လာ ၁,၀၈၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Mi Gaming Laptop 2019 ဟာ ဒီဇိုင်းအားဖြင့် အရင်နှစ်က မော်ဒယ်နဲ့ ကွာခြားမှု မရှိပါဘူး။ Ports အရေအတွက်နဲ့ လေဝင်လေထွက် ပေါက်တွေကအစ၊ မျက်နှာပြင်ဘောင်တွေအဆုံး တထေရာတည်း ဖြစ်ပါတယ်။ မျက်နှာပြင်ကလည်း ၁၅ ဒဿမ ၆ လက်မအရွယ် Full HD Display ပါပဲ။
ဒီဇိုင်း မပြောင်းသွားပေမယ့် အတွင်းမှာ သုံးထားတာတွေကတော့ တော်တော်လေး ပြောင်းသွားပါတယ်။ အဓိက ထူးခြားချက်ကတော့ ပိုမိုချောမွေ့စွာ ဂိမ်းဆော့နိုင်ဖို့အတွက် 144Hz Refresh Rate ရှိတဲ့ Display ပြောင်းသုံးပေးလိုက်တာပါ။ CPU နဲ့ GPU တွေကိုလည်း နောက်ဆုံးပေါ် Intel 9th Gen Core i7 Processors ၊ Nvidia GeForce RTX 2060 အထိ ရရှိနိုင်မှာပါ။
Processor နဲ့ GPU အလိုက် Mi Gaming Laptop ကို မော်ဒယ်ကွဲ ၃ မျိုး ထုတ်ထားပါတယ်။
အနိမ့်ဆုံး မော်ဒယ်က Intel 9th Gen Core i5-9300H Processor ၊ Nvidia GeForce GTX 1660Ti ၊ 8GB RAM ၊ 512GB SSD နဲ့ လာမှာပါ။ ဒီထက်မြင့်တဲ့ မော်ဒယ်မှာတော့ Intel ရဲ့ 9th Gen Core i7-9750H Processor ၊ Nvidia GeForce GTX 1660 Ti Graphics နဲ့ 16GB RAM တို့ ပါဝင်လာပါတယ်။ အမြင့်ဆုံးမော်ဒယ်မှာတော့ GeForce RTX 2060 GPU နဲ့ ဖြစ်သွားပါတယ်။
Mi Gaming Laptop 2019 မှာ HD ဗီဒီယိုခေါ်ဆိုမှု လုပ်ဖို့အတွက် ကင်မရာ ၁ လုံးနဲ့ မိုက်ခရိုဖုန်းတွေ အစုံအလင် ထည့်ပေးထားပါတယ်။ အသံထွက် စနစ်အတွက်လည်း Dolby ပတ်လည် အသံပြေးနည်းပညာ အသုံးပြုနိုင်တဲ့ 3W စပီကာ ၂ လုံး ပါဝင်မှာပါ။ Gaming Laptop ဆိုတဲ့အတိုင်း အောက်ခံ RGB မီးလင်းတဲ့ ကီးဘုတ် ပါဝင်ပြီး၊ Touchpad ကိုတော့ ဖန်သားနဲ့ လုပ်ပေးထားပါတယ်။
Xiaomi ဟာ ယခု Mi Gaming Laptop 2019 မော်ဒယ်မှာ အတွင်းပိုင်း အပူချိန် ထိန်းချုပ်မှုစနစ်ကို အရင် မော်ဒယ်ထက် ၆၀ ရာခိုင်နှုန်း ပိုကောင်းလာအောင် လုပ်ပေးထားတယ်လို့ ကြေညာထားပါတယ်။ အရွယ်အစားကြီးမားတဲ့ အပူလျှောက် ကြေးပိုက်ချောင်း ၅ ချောင်း၊ 12 ဗို့ မော်တာ ၁ လုံးနဲ့ S ပုံစံ ပန်ကာဒလက်တွေကို ပေါင်းစပ် အသုံးပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
55Wh ဘက်ထရီနဲ့ ဖြစ်ကာ အားအပြည့်သွင်ပြီး ဗီဒီယို ဆက်တိုက်ကြည့်မယ်ဆိုရင် ၄ နာရီခွဲလောက် အသုံးခံမှာပါ။ ဝယ်ယူချင်တယ်ဆိုရင် Mi.com ကနေ ကြိုတင်မှာယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဘယ်နေ့ စတင်ရောင်းချမလဲဆိုတာတော့ မသိရသေးပါဘူး။
Ref: Gizmo China, Gadgets NDTV