အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲမှာ Samsung က Galaxy Note စီးရီးအသစ် “Galaxy Note 10” စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။
ပုံမှန်အရွယ်အစားရှိတဲ့ Galaxy Note 10 နဲ့ ပိုမိုကြီးမားတဲ့ Galaxy Note 10+ ဆိုပြီး မော်ဒယ်နှစ်မျိုး မိတ်ဆက်ပေးခဲ့တာပါ။ Galaxy Note စီးရီး သက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် မော်ဒယ်နှစ်မျိုး မိတ်ဆက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Galaxy Note 10 က ၆ ဒဿမ ၃ လက်မအရွယ် ရှိပြီး၊ Galaxy S10 နဲ့ အရွယ်အစား အတူတူလောက်ပါပဲ။ Galaxy Note 10+ ကတော့ ၆ ဒဿမ ၈ လက်မ ဖြစ်သွားတာကြောင့် မျက်နှာပြင်ကြီးကြီး ကြိုက်တဲ့လူတွေအတွက် ပိုမိုသင့်လျော်မှာပါ။
Samsung Galaxy Note 10 စမတ်ဖုန်းတွေကို စတိန်းလက်စတီးနဲ့ ဖန်သားတို့ကို ပေါင်းစပ် ထုတ်လုပ်ထားပြီး မျက်နှာပြင်က ကိုယ်ထည်အပြည့်နီးပါး ဖြစ်နေမှာပါ။ 10MP ရှေ့ကင်မရာကို Galaxy S10 အတိုင်း Infinity-O Design နဲ့ မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ထည့်သွင်းပေးထားပါတယ်။
S10 ဖုန်းတွေလို ဘေးအစွန်ဘက်မှာ မဟုတ်ဘဲ မျက်နှာပြင်အလယ်တည့်တည့်မှာ အပေါက်ဖောက်ထားတာ တွေ့ရမှာပါ။ မျက်နှာပြင်ဘေးဘက်တွေကလည်း ကွေးနေတဲ့အတွက် ဘေးဘောင်ဆိုလို့ လုံးဝ ပါဝင်မှာ မဟုတ်ပါဘူး။
ဖုန်းမော်ဒယ်နှစ်ခုလုံးမှာ Dynamic AMOLED Display တွေကို အသုံးပြုထားပါတယ်။ အရွယ်အစား နည်းနည်းပိုသေးတဲ့ Note 10 က Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ ဖြစ်ကာ၊ Note 10+ မှာတော့ 2K အထိ ဖြစ်သွားပါတယ်။ စခရင်နှစ်ခုလုံးမှာ HDR10+ နဲ့ ပုံရိပ်အရည်အသွေးကို မြှင့်တင်ပေးမယ့် Dynamic Tone Mapping တို့ ပါတင်မှာပါ။
ကျောဘက်မှာတော့ ကင်မရာ ၃ လုံးကို ဒေါင်လိုက်ဒီဇိုင်းနဲ့ ထည့်ထားပါတယ်။ OIS နဲ့ Dual Aperture ပါဝင်တဲ့ 12MP ၁ လုံး၊ OIS ပါဝင်တဲ့ နောက်ထပ် 12MP Telephoto ကင်မရာ ၁ လုံးနဲ့ ၁၂၃ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP Ultra-widef ကင်မရာ ၃ လုံးတွဲပါ။ Galaxy Note 10+ မှာတော့ 3D ToF ဆန်ဆာ ၁ လုံး ထပ်မံ ပါဝင်ပါတယ်။ အပြင်က အရာဝတ္ထုတွေကို 3D ရုပ်လုံးပေါ် စကင်ဖတ်ရာတွေမှာ အသုံးဝင်မှာပါ။
Samsung ဟာ Galaxy Note 10 စီးရီးမှာ ကင်မရာပိုင်းကိုလည်း အဓိက အဆင့်မြှင့်တင်ပေးထားပါတယ်။ အထူးသဖြင့် ဗီဒီယိုတွေကို ပိုမို ပရိုဖက်ရှင်နယ်ဆန်စွာ ရိုက်ကူးနိုင်ဖို့အတွက် လုပ်ဆောင်ချက်အသစ်တွေ ထည့်ပေးထားပါတယ်။ နောက်ခံဝါးပေးတဲ့ Live Focus ကို ဗီဒီယိုမှာလဲ အသုံးပြုနိုင်မှာ ဖြစ်သလို၊ လှုပ်ရှားနေရင်းနဲ့ တုန်ခါမှုမရှိ ရိုက်ကူးနိုင်ဖို့အတွက် Super Steady Mote လည်း ထည့်ပေးထားပါတယ်။
မျိုးဆက်သစ် Galaxy Note 10 ဖုန်းတွေမှာ S Pen ကိုလည်း အသစ်ထည့်ပေးထားပါတယ်။ S Pen မှာ ဝင်ရိုး ၆ ခုသုံး Gyroscope ပါလာတာကြောင့် Motion Controller အဖြစ် အသုံးပြုနိုင်မှာပါ။ Air Actions ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကြောင့် S Pen ခလုတ်ကို ဖိထားပြီး၊ ဝှေ့ယမ်းလိုက်ရုံနဲ့ တချို့ Apps တွေကို ထိန်းချုပ်နိုင်မှာပါ။
ဥပမာ Camera App ထဲမှာ S Pen ကို လေထဲ ဆွဲချ၊ ဆွဲတင် လုပ်လိုက်ရုံနဲ့ ရှေ့/ နောက် ကင်မရာ ပြောင်းနိုင်ပါတယ်။ နာရီလက်တံအတိုင်း ဒါမှမဟုတ် ပြောင်းပြန်လှည့်လိုက်ရင် မြင်ကွင်း ချုံ့/ချဲ့ လုပ်ပေးမှာပါ။ S Pen ရဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တွေကို တခြား App ရေးသူတွေလည်း အသုံးချနိုင်ဖို့အတွက် SDK ထုတ်ပေးသွားမယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။
Chipset ကတော့ Galaxy Note 10 နဲ့ Note 10+ မှာ Snapdragon 855 Chipset ကိုပဲ ဆက်လက် အသုံးပြုထားပါတယ်။ Note 10 မှာ အနည်းဆုံး 8GB RAM နဲ့ Note 10+ မှာ 12GB RAM ပါဝင်ပါတယ်။
Storage ကိုတော့ Note 10 မှာ 256GB တမျိုးထဲ ရမှာ ဖြစ်ပြီး၊ Note 10+ မှာတော့ 256GB နဲ့ 512GB နှစ်မျိုး ရွေးနိုင်ပါတယ်။ Plus မော်ဒယ်မှာပဲ microSD ကတ် ပါဝင်ပြီး၊ နောက်ထပ် 512GB အထိ ထပ်စိုက်နိုင်တာကြောင့် စုစုပေါင်း 1TB Storage အထိ အသုံးပြုနိုင်မှာပါ။
Galaxy Note 10 မှာ 3,500mAh ဘက်ထရီနဲ့ Note 10+ မှာ 4,300mAh ဘက်ထရီတွေကို အသုံးပြုထားပါတယ်။ 45W Super Fast Charging စနစ်ကြောင့် မိနစ် ၃၀ အားသွင်းရုံနဲ့ တနေကုန် အသုံးပြူနိုင်တယ်လို့ Samsung က ဆိုပါတယ်။ သို့ပေမယ့် ဘူးထဲမှာတော့ 25W အားသွင်းခေါင်းပဲ ပါဝင်လာမှာပါ။
စိတ်မကောင်းစရာတခုကတော့ Note 10 ဖုန်းနှစ်ခုလုံးမှာ 3.5mm နားကြပ်ပေါက် မပါလာတော့ပါဘူး။ အဲ့ဒီအစား ကြိုးမဲ့နားကြပ် ဒါမှမဟုတ် USB-C အပေါက်မှာ နားကြပ်ထိုးပြီး အသုံးပြုနိုင်ပါတယ်။
မော်ဒယ်နှစ်ခုလုံးမှာ စတီရီယိုစပီကာတွေ ပါဝင်ပြီး အသံထွက် ပိုကောင်းစေဖို့အတွက် AKG က အသံချိန်ညှိပေးထားပါတယ်။ ဖုန်းကို မော်နီတာနဲ့ ချိတ်ပြီး၊ ကွန်ပျူတာတလုံးလို အသုံးပြုနိုင်တဲ့ DeX Mode လည်း အသုံးပြုနိုင်ဦးမှာပါ။
အရောင်အားဖြင့် Aura Glow ၊ Aura White နဲ့ Aura Black နဲ့ Aura Black ၃ ရောင် ထုတ်လုပ်သွားမှာပါ။ တချို့ ဈေးကွက်တွေမှာတော့ Galaxy Note 10 ကို Aura Pink နဲ့ Galaxy Note 10+ ကို Aura Blue Galaxy အရောင်အသစ်တွေ ရမယ်လို့ သိရပါတယ်။
5G ကွန်ရက်တွေ စတင်ပေါ်လာပြီ ဖြစ်တာကြောင့် Galaxy Note 10 နဲ့ Note 10+ ကို LTE နဲ့ 5G ဗားရှင်းဆိုပြီး နှစ်မျိုးနှစ်စား ထုတ်သွားမှာပါ။ မိခင် တောင်ကိုရီးယား၊ US ၊ UK စတဲ့ 5G ကွန်ရက် ရနေပြီဖြစ်တဲ့ ဈေးကွက်တွေမှာပဲ Note 10 5G ဗားရှင်းတွေ ရောင်းမယ့်ပုံ ပေါ်ပါတယ်။
Samsung Galaxy Note 10 နဲ့ Note 10+ တို့ကို ယနေ့က စပြီး ကြိုတင်အော်ဒါ မှာယူထားနိုင်ပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာပါ။ Note 10 ကို အမေရိကန်ဈေးကွက်မှာ ၉၄၉ ဒေါ်လာနဲ့ ဥရောပမှာ ၉၄၉ ယူရို နဲ့ ရောင်းသွားမှာပါ။
Note 10+ ဆိုရင်တော့ အနိမ့်ဆုံးမော်ဒယ်ကို ၁၀,၉၉ ဒေါ်လာနဲ့ ၁,၀၉၉ ယူရို ကျသင့်ပါလိမ့်မယ်။ အမြင့်ဆုံး 12GB RAM/512GB ယူမယ်ဆိုရင်တော့ ၁,၁၉၉ ဒေါ်လာ/ယူရို အထိ ပေးရမှာပါ။
Ref: GSM Arena, Gadgets 360, The Verge
You may also like these stories:
မျက်နှာပြင် ၃ ခုထပ် စမတ်ဖုန်းဒီဇိုင်းကို Samsung မူပိုင်ခွင့်တင်
အထင်မှားစေတဲ့ ရေစိုခံဖုန်း ကြော်ငြာတွေကြောင့် Samsung တရားစွဲခံရ
Samsung Galaxy Note 10 ကို သြဂုတ်လ ၇ ရက်နေ့ မိတ်ဆက်မည်
S Pen အသုံးပြုနိုင်တဲ့ Samsung Galaxy Tab A တက်ဘလက်အသစ် ထွက်ရှိ