ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲမှာ Samsung က မျိုးဆက်သစ် Galaxy Note 10 စမတ်ဖုန်းတွေနဲ့အတူ Galaxy Book S ဆိုတဲ့ Notebook တလုံးကို မိတ်ဆက် ပြသသွားခဲ့ပါတယ်။
Snapdragon 8cx Mobile Platform အသုံးပြုထားတဲ့ Windows 10 Laptop တလုံးပါ။ မနှစ်က မိတ်ဆက်ခဲ့တဲ့ Galaxy Book 2 ရဲ့ မျိုးဆက်သစ် မော်ဒယ်လည်း ဖြစ်ပါတယ်။ Galaxy Book S ကို အလူမီနီယမ်သတ္တုနဲ့ ထုတ်လုပ်ထားပြီး၊ ကိုယ်ထည်အတော်လေး ပါးပါတယ်။ ၁၁.၈ မီလီမီတာ အထူ နဲ့ အလေးချိန် ဝ.၉၆ ကီလိုဂရမ်ပဲ ရှိမယ့် ပေါ့ပေါ့ပါးပါး Notebook တလုံးပါ။
Galaxy Book 2 လို ၁၂ လက်မ Super AMOLED Display နဲ့ မဟုတ်တော့ဘဲ ၁၃ ဒဿမ ၃ လက်မအရွယ် Full HD အရည်အသွေးရှိတဲ့ TFT Touchscreen ဖြစ်သွားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေလည်း သေးငယ်တာကြောင့် စခရင် ပိုကြီးသလို ခံစားရမှာပါ။
ဒီ Notebook ရဲ့ အဓိကထူးခြားချက်ကတော့ သာမန် Laptop တွေလို Intel ဒါမှမဟုတ် AMD Processors တွေ မသုံးဘဲ Qualcomm ရဲ့ 7nm Snapdragon 8cx Chipset ကို အသုံးပြုထားတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ကြေညာခဲ့တဲ့ Chipset အသစ်ဖြစ်ပြီး၊ Galaxy Book S မှာ ပထမဆုံး တွေ့မြင်ရတာ ဖြစ်ပါတယ်။
8 Cores ၊ 10MB L3 Cache ၊ Adreno 680 GPU တို့ ပါဝင်တဲ့ Mobile Chipset ဖြစ်တာကြောင့် တကယ့် Laptop ကြီးတွေလိုတော့ စွမ်းဆောင်ရည် အရမ်းမြင့်မှာ မဟုတ်ပါဘူး။ ၂၄ နာရီ အင်တာနက် ချိတ်ထားပြီး၊ ရောက်လေရာမှာ အလွယ်တကူ သုံးနိုင်တဲ့ ကွန်ပျူတာတလုံး လိုချင်သူတွေအတွက် သင့်တော်မှာပါ။
Galaxy Book S ကို 8GB RAM နဲ့ 256GB ဒါမှမဟုတ် 512GB Storage မော်ဒယ် နှစ်မျိုး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ microSD ကတ် ပါဝင်တာကြောင့် Storage ထပ်တိုးနိုင်မှာပါ။ 42Wh ဘက်ထရီ နဲ့ ပါဝါအသုံးပြုမှုနည်းတဲ့ Chipset တို့ကြောင့် အားတခါသွင်းပြီးရင် ၂၃ နာရီ ဆက်တိုက် ဗီဒီယိုကြည့်နိုင်ပါတယ်။ ဒါ့အပြင် Quick Charge 2.0 နဲ့ Power Delivery 2.0 စနစ်လည်း ပါဝင်တာကြောင့် အချိန်တိုအတွင်း အားအပြည့်သွင်းနိုင်မှာပါ။
Galaxy Book S ကို Windows 10 Home နဲ့ Pro ဆိုပြီး နှစ်သက်ရာ OS နဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Wi-Fi 802.11ac, MU-MIMO, Bluetooth 5.0, USB-C နဲ့ GPS တို့ ပါဝင်မှာပါ။ ကျန်တဲ့ အပေါက်တွေ တခုမှ မပါဝင်ပါဘူး။
ဒေတာနဲ့ ပါဝါ သွင်းဖို့အတွက် USB-C ကိုပဲ အသုံးပြုရမှာပါ။ 4G Nano SIM ကတ် ထည့်သွင်း အသုံးပြုနိုင်တဲ့ Notebook ဖြစ်တာကြောင့် Wi-Fi မရှိလည်း ကိုယ်ပိုင် မိုဘိုင်းအင်တာနက်လိုင်းနဲ့ အချိန်ပြည့် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ လက်ဗွေရာဆန်ဆာလည်း အသင့် ပါဝင်တာကြောင့် Windows Hello စနစ်နဲ့ အလွယ်တကူ ဝင်ရောက် အသုံးပြုနိုင်မှာပါ။
ဗီဒီယိုခေါ်ဆိုဖို့အတွက် HD ကင်မရာတလုံး၊ AKG က အသံချိန်ညှိပေးထားတဲ့ စတီရီယိုစပီကာ၊ Dolby Atmos အသံစနစ်တို့ လည်း ပါဝင်လာမှာပါ။ ရွှေရောင်နဲ့ မီးခိုးရောင် နှစ်မျိုးပဲ ထုတ်လုပ်သွားမှာ ဖြစ်ကာ၊ အနိမ့်ဆုံး ၉၉၉ ဒေါ်လာဈေး သတ်မှတ်ထားပါတယ်။ ယခုလာမယ့် ဆောင်းရာသီမှာ စတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။
Ref: AnandTech, Gizmochina
You May Also Like These Stories:
၁၆ လက်မ ဘောင်မဲ့ မျက်နှာပြင် ပါဝင်တဲ့ Honor MagicBook Pro ထွက်ရှိ
၁ မိုင်ခန့် အကွာကနေ ကားလိုင်စင်ပြား ဖတ်နိုင်တဲ့ စောင့်ကြည့်ကင်မရာကို Fujifilm မိတ်ဆက်