Huawei ကုမ္ပဏီရဲ့ ကိုယ်ပိုင် OS အသစ်ဖြစ်တဲ့ “HarmonyOS” ကို ယနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ 2019 Developer Conference ပွဲမှာ ထုတ်ဖော် ပြသလိုက်ပါပြီ။ Android OS အစားထိုးအဖြစ် စမတ်ဖုန်းတွေမှာတင် အသုံးပြုဖို့ မဟုတ်ဘဲ စက်အမျိုးအစားတိုင်းမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ် ရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ HarmonyOS ကို တရုတ်နိုင်ငံမှာတော့ “HongMengOS” နာမည်နဲ့ ထုတ်ပေးသွားမှာပါ။
HarmonyOS ဟာ “Microkernel-based distributed OS” ဖြစ်တာကြောင့် စမတ်ဖုန်းတွေအပြင် စမတ်စပီကာ၊ စမတ်နာရီ၊ VR ခေါင်းစွပ် စတဲ့ ဝတ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်းမျိုးစုံ (Wearables) မှာ အသုံးပြုနိုင်မှာပါ။ မော်တော်ကားတွေမှာပါ အသုံးပြုနိင်မှာ ဖြစ်တယ်လို့ Huawei က ပြောကြားခဲ့ပါတယ်။
HarmonyOS နဲ့ စက်ပစ္စည်းမျိုးစုံအတွက် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်တဲ့ စနစ် (Ecosystem) တခု ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
A modularized #HarmonyOS can be nested to adapt flexibly to any device to create a seamless cross-device experience. Developed via the distributed capability kit, it builds the foundation of a shared developer ecosystem #HDC2019 pic.twitter.com/2TD9cgtdG8
— Huawei Mobile (@HuaweiMobile) August 9, 2019
HarmonyOS ကို ယခုနှစ်ကုန်ပိုင်းမှာ ထုတ်မယ့် Huawei ထုတ်ကုန်တွေမှာ စတင် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကလည်း မနက်ဖန်မှာ Smart Screen ဆိုတဲ့ စမတ်တီဗီတလုံး ထုတ်ဖို့ ရှိတာကြောင့် ဒီထုတ်ကုန်မှာ HarmonyOS ကို အရင်မြင်တွေ့ရနိုင်ပါတယ်။ ပြီးရင်တော့ နောက်ထပ် ၃ နှစ်တာအတွင်း Wearables ပစ္စည်းတွေ အပါအဝင် နည်းပညာပစ္စည်းမျိုးစုံမှာ တိုးချဲ့ အသုံးပြုသွားမှာပါ။
Harmony OS ကို တကမ္ဘာလုံး ရယူအသုံးပြုနိုင်ဖို့အတွက် Open-source Platform အနေနဲ့ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ Huawei ရဲ့ Consumer Business Group CEO ဖြစ်သူ Richard Yu ကတော့ HarmonyOS ဟာ Android ၊ iOS တွေနဲ့ လုံးဝ မတူဘူးလို့ ပြောကြားထားပါတယ်။
“ကိုယ့် App ကို တခါ ရေးပြီးတာနဲ့ မတူညီတဲ့ စက်ပစ္စည်းမျိုးစုံမှာ ချောချောမွေ့မွေ့ အသုံးပြုနိုင်မှာပါ” လို့ Richard Yu က ပြောပါတယ်။
HarmonyOS ရဲ့ Ark Compiler မှာ Kotlin ၊ Java ၊ Javascript ၊ C နဲ့ C++ တို့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ HTML 5 ၊ Linux နဲ့ Android Apps တွေ အားလုံးနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ကြောင်း Yu က ကတိပေးခဲ့ပါတယ်။
လောလောဆယ်တော့ Huawei စမတ်ဖုန်းတွေမှာ HarmonyOS ကို သုံးဦးမှာ မဟုတ်ပါဘူး။ Google ရဲ့ Android OS ကိုပဲ ဆက်လက် အသုံးပြုသွားဦးမှာပါ။ ဒါပေမယ့် Huawei စမတ်ဖုန်းတွေမှာ ထည့်သုံးချင်ရင်လည်း ၁ ရက် ၂ ရက်အတွင်း ပြောင်းသုံးနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။
Huawei ဟာ ကိုယ်ပိုင် OS တခုကို ၂၀၁၇ ခုနှစ်ကတည်းက စတင်အကောင်အထည် ဖော်နေခဲ့တာပါ။ ယခု မိတ်ဆက်ခဲ့တဲ့ HarmonyOS က Version 1.0 ဖြစ်ပြီး၊ နောက်နှစ်ထဲမှာ Version 2.0 အသစ် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ Version 3.0 ကိုတော့ ၂၀၂၁ မှာ ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Ref: Gizmochina, Android Authority
You may also like these stories:
ဖုန်းဈေးကွက်မှာ Sony နဲ့ LG တို့ ရုန်းကန်နေရပြီး Huawei ဆက်လက် အတက်ပြ
အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင် အမြန်ထုတ်ပေးသွားမည်
Huawei ရဲ့ ပထမဆုံး 5G ဖုန်းကို ယခုလ စတင် ရောင်းချမည်
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ