နည်းပညာ တိုးတက်နေတဲ့ အခုလို အချိန်အခါမှာ ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများဟာ လူသားတွေရဲ့ အချိန်နဲ့ လုပ်အားကို သက်သာစေဖို့ လူအစားထိုး စက်ရုပ်တွေကို အသုံးပြုလာနေကြပါပြီ။ တရုတ်နိုင်ငံမြောက်ပိုင်း၊ Hebei စီရင်စု Handan မြို့မှာဆိုရင် လူသား ယာဉ်ထိန်းရဲတွေအစား စက်ရုပ် ယာဉ်ထိန်းရဲတွေကို စတင်အသုံးပြုနေကြောင်း Handan ယာဉ်ထိန်းရဲဌာနရဲ့ တရားဝင် Website မှာ အသိပေးကြေညာထားပါတယ်။
Handan မြို့က ကားအသွားအလာ ရှုပ်ထွေးတဲ့နေရာတွေမှာ ထားရှိမယ့် ဒီယာဉ်ထိန်းရဲ စက်ရုပ်တွေကိုတော့ အမျိုးအစားအားဖြင့် ၃ မျိုးခွဲခြားထားပြီး လူသားတွေရဲ့ ဉာဏ်ရည်အတိုင်း တုပ ပြုလုပ်ထားတဲ့ (AI) နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ယာဉ်ထိန်းရဲ စက်ရုပ် အမျိုးအစားတွေကတော့ လမ်းပေါ်က သတင်းအချက်အလက်တွေကို ပြန်လည်ပေးပို့မယ့် စက်ရုပ်၊ အချိန်ပြည့် ကင်းလှည့်ထောက်လှမ်းနေမယ့် စက်ရုပ်နဲ့ ယာဉ်မတော်တဆမှုတွေကို မှတ်တမ်းတင်ပြီး တာဝန်ယူ ဖြေရှင်းပေးမယ့် စက်ရုပ်ဆိုပြီး အမျိုးအစား ၃ မျိုး ပါဝင်မှာပဲ ဖြစ်ပါတယ်။
ကင်းလှည့်တဲ့ စက်ရုပ်ဟာဆိုရင် အဝါရောင် ယူနီဖောင်းကို ဝတ်ဆင်ကာ အဖြူရောင် ဦးထုပ်ကို ဆောင်းထားမှာ ဖြစ်ပြီး ယာဉ်မောင်းတွေရဲ့ မျက်နှာကို မှတ်မိနိုင်တဲ့ Facial Recognition ကင်မရာ တပ်ဆင်ထားတာဖြစ်တဲ့အတွက် မူမမှန်တာ တခုခုကို တွေ့တဲ့အခါ ချက်ချင်းသတင်းပို့ပြီး တုန့်ပြန် လှုပ်ရှားလာမှာ ဖြစ်ပါတယ်။
စက်ရုပ် ၃ မျိုးစလုံးကို လမ်းဆုံးလမ်းခွတွေနဲ့ ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ နေရာတွေမှာ ၂၄ နာရီ ပတ်လုံး ထားရှိမှာဖြစ်ပြီး သတင်း အချက်အလက်တွေကို ပေးပို့တဲ့ စက်ရုပ်ဟာဆိုရင် ကားစက်ချို့ယွင်းတဲ့အခါ ယာဉ်မောင်းတွေကို အကြံပြုချက်တွေပါ ပြောပြနိုင်အောင် ပြုလုပ်ထားတာပါ။
လူသား ယာဉ်ထိန်းရဲတွေနေရာမှာ စက်ရုပ်တွေအစားထိုး အသုံးပြုလာခြင်းဟာ တရုတ်နိုင်ငံမှာတော့ Handan မြို့က ပထမဆုံးဖြစ်ပြီး ဒီစက်ရုပ်တွေဟာ ယာဉ်မတော်တဆမှုတွေကို စောင့်ကြည့် ဖြေရှင်းပေးနိုင်မှာဖြစ်တဲ့အပြင် ခရီးသွားဧည့်သည်တွေ ပျောက်ဆုံးခြင်းနဲ့ လမ်းပျောက်နေခြင်းတို့ကိုပါ ကူညီပေးနိုင်မယ်လို့ Handan ယာဉ်ထိန်းရဲဌာနက ပြောကြားခဲ့ပါတယ်။
Ref. www.globaltimes.cn
You may also like these stories:
အလိုအလျောက် မောင်းနှင်နိုင်တဲ့ Pod ယာဉ်တွေကို ဘရစ်စတို လေဆိပ်မှာ စမ်းသပ်
Gatwick လေဆိပ်တွင် အလိုအလျောက် ကားပါကင်ထိုးပေးမည့် စက်ရုပ်များ အသုံးပြုမည်