Samsung ရဲ့ ဒီနှစ်ထုတ် Galaxy A စီးရီး ဖုန်းတွေဟာ ဈေးကွက်တွင်းမှာ လူကြိုက်များနေတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Galaxy A စီးရီး ရောင်းအားကောင်းနေတာကြောင့် ဒုတိယ သုံးလပတ်အတွင်း ဥရောပ ဖုန်းဈေးကွက်မှာ Samsung က ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုလို ၅ နှစ်တာအတွင်း ရောင်းအားစံချိန်တင် မြင့်တက်နေချိန်မှာ Samsung က နောက်ထပ် Galaxy A စီးရီး ဖုန်းသစ်တလုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ Galaxy A10s လို့ နာမည်ပေးထားပြီး၊ A စီးရီးထဲမှာ ဈေးအသက်သာဆုံး မော်ဒယ်တခု ဖြစ်လာမှာပါ။ တရားဝင် ဈေးမကြေညာရသေးပေမယ့် အိန္ဒိယဈေးကွက်မှာ ရူပီး ၈,၉၉၀ (၁၂၅ ဒေါ်လာခန့်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
အသုံးပြုထားတဲ့ အချက်အလက်တွေအရ Galaxy A10s ဟာ ပြိုင်ဘက်တန်ဖိုးနည်းဖုန်းတွေဖြစ်တဲ့ Redmi 6 ၊ Realme C2 တို့နဲ့ သိပ်မကွာပါဘူး။ Helio P22 Chipset ၊ 2GB RAM ၊ 32GB Storage တို့နဲ့ ဖြစ်ပါတယ်။
HD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ ၆ ဒဿမ၂ လက်မအရွယ် IPS မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ခေတ်မီတဲ့ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ပါ။ 8MP ရှေ့ကင်မရာ ၁ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ ကျောကင်မရာကတော့ 13MP နဲ့ 2MP Depth Sensor ၂ လုံးတွဲပါ။
တန်ဖိုးနည်းဖုန်း ဖြစ်ပေမယ့် ကြီးမားတဲ့ 4,000mAh ဘက်ထရီ ပါဝင်လာသလို ကျောဘက် လက်ဗွေရာဆန်ဆာလည်း အစဉ်အလာမပျက် ထည့်ပေးထားပါသေးတယ်။ Face Unlock ၊ Android 9 Pie ၊ One UI စတဲ့ နောက်ဆုံးပေါ် နည်းစနစ်တွေလည်း ပါဝင်မှာပါ။ SIM နှစ်ကတ်အပြင် microSD ကတ်တကတ်ပါ ထပ်စိုက်နိုင်ပါသေးတယ်။
Samsung Galaxy A10s ကို အပြာ၊ အစိမ်း၊ အနီနဲ့ အနက် စတဲ့ အရောင် ၄ ရောင် ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မိတ်ဆက်ပေးခဲ့တဲ့ Galaxy A10 ထက် စွမ်းဆောင်ရည် ပိုမြင့်သွားပေမယ့် ဈေးသိပ်မကွာသွားတာကြောင့် လူကြိုက်များတဲ့ တန်ဖိုးနည်း ဖုန်းတလုံး ဖြစ်လာဦးမှာပါ။
Ref: Android Authority, GSM Arena
You may also like these stories:
4G ဆင်းမ်ကတ် ထည့်သုံးနိုင်တဲ့ Samsung Galaxy Book S ကို မိတ်ဆက် ပြသ
မျိုးဆက်သစ် Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို Samsung မိတ်ဆက်
ဒီဇိုင်းအသစ်၊ S Pen အသစ်နဲ့ Samsung Galaxy Tab S6 ကို မိတ်ဆက်
မျက်နှာပြင် ၃ ခုထပ် စမတ်ဖုန်းဒီဇိုင်းကို Samsung မူပိုင်ခွင့်တင်