IT

Xiaomi က လေဆာအာရုံခံစနစ် ပါဝင်တဲ့ MIJIA စက်ရုပ် ဖုန်စုပ်စက်အသစ်ကို မိတ်ဆက်

လူကြိုက်အများဆုံး Xiaomi ထုတ်ကုန်တွေထဲမှာ MIJIA အမှတ်တံဆိပ် စမတ် စက်ရုပ် ဖုန်စုပ်စက်တွေလည်း ပါဝင်ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့မှာ Xiaomi က ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Mijia စက်ရုပ် ဖုန်စုပ်စက် အသစ်တလုံးကို ထုတ်ပေးလိုက်ပါတယ်။ ယခုမော်ဒယ်မှာ လေဆာ အာရုံခံစနစ် (Laser Detect Systems) ပါဝင်လာပြီး၊ အမှိုက်လှည်း၊ ကြမ်းတိုက်စနစ် တွေလည်း ပိုမိုကောင်းမွန်လာပါတယ်။

MIJIA စက်ရုပ် ဖုန်စုပ်စက်မှာ ဖုန်စုပ်စနစ်၊ ကြမ်းတိုက်စနစ်နဲ့ နှစ်မျိုးသုံး စနစ်ဆိုပြီး သန့်ရှင်းရေးစနစ်ပေါင်း ၃ မျိုး ပါဝင်ပါတယ်။ စနစ်အကုန်လုံး အသုံးပြုချင်တယ်ဆိုရင်တော့ နောက်ထပ် ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရမှာပါ။ ကြမ်းတိုက်စနစ်အတွက် ၅၅၀ မီလီမီတာ ရေတိုင်ကီတလုံး ထပ်ဝယ်ပေးဖို့ လိုအပ်ပါတယ်။ စက်ထဲမှာ ၅၅ မီလီမီတာဆံ့ အမှိုက်ကန့်နဲ့ ရေထည့်တဲ့ အကန့်သေးတခုပဲ ပါဝင်မှာပါ။

MIJIA စက်ရုပ်ဖုန်စုပ်စက်ဟာ ကျွမ်းကျင် သန့်ရှင်းရေး ဝန်ထမ်းကိုယ်တိုင် ကြမ်းတိုက်သလိုမျိုး ပြောင်လက်နေအောင် လမ်းကြောင်းအတိုင်း ကြမ်းတိုက်ပေးနိုင်ပါတယ်။ တချက် ပွတ်ဆွဲရုံတင် မဟုတ်ဘဲ အပြန်အလှန် ပွတ်ဆွဲတိုက်ပေးတဲ့ စနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ရေဖြန်းအားကို လိုအပ်သလို ထိန်းချုပ်နိုင်တာကြောင့် လမ်းကြောင်းမှာ ပိတ်မိနေတာမျိုးရှိမှာ မဟုတ်ပါဘူး။ ရေလက်ကျန်ပမာဏကို စက်က သိရှိနိုင်တာကြောင့် ရေမရှိရင် သစ်သားကြမ်းခင်းတွေ ထိခိုက်မှု မရှိစေဖို့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

MIJIA စက်ရုပ်ဖုန်စုပ်စက်မှာ ဂျပန်လုပ် လျှပ်စစ်မော်တာ တလုံးကို အသုံးပြုထားပြီး၊ ဖုန်စုပ်အား 2100Pa အထိ ရှိပါတယ်။ လေဆာအာရုံခံစနစ်က ၈ မီတာအကွာအဝေးထိ ဖမ်းယူနိုင်ပြီး၊ တအိမ်လုံးကို မြေပုံချကာ အလိုအလျောက် သန့်ရှင်းရေး လုပ်ပေးမှာပါ။

ဖုန်စုပ်စက်ကို Mobile App ကနေ ထိန်းချုပ်နိုင်သလို၊ သန့်ရှင်းရေးအခြေအနေနဲ့ သန့်ရှင်းမှုလမ်းကြောင်းတွေကို App ကနေ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေးလုပ်ရမယ့်အချိန်နဲ့ လမ်းကြောင်းတို့ကိုလည်း App နဲ့ ကြိုတင်သတ်မှတ်ပေးထားနိုင်ပါတယ်။

ပထမဆုံးအကြိမ် သန့်ရှင်းရေး လုပ်ပြီးတဲ့အခါ အခန်းနဲ့ ပြီးသွားတဲ့ အပိုင်းတို့ကို စက်က အလိုအလျောက် မှတ်သားထားမှာပါ။ သန့်ရှင်းရေး လုပ်ဆောင်ရမယ့် အခန်းနေရာတွေကို အသုံးပြုသူကိုယ်တိုင် စိတ်ကြိုက် ပြင်ဆင် သတ်မှတ်ထားနိုင်ပါတယ်။

MIJIA စက်ရုပ် ဖုန်စုပ်စက်ကို အားတခါသွင်းပြီးရင် ၁၁၀ မိနစ်အထိ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ၁၈၀ စတုရန်းမီတာ အကျယ်ရှိတဲ့ အခန်းတခန်းကို တကြိမ် သန့်ရှင်းရေး လုပ်ပေးနိုင်မှာပါ။ ဘက်ထရီကုန်သွားတာနဲ့ အားသွင်းတဲ့နေရာဆီ အလိုအလျောက် ပြန်သွားပြီး အားသွင်းနိုင်တာကြောင့် လူကိုယ်တိုင် အားသွင်းပေးစရာ မလိုပါဘူး။

ဈေးနှုန်းအားဖြင့် တရုတ်ယွမ်ငွေ ၁,၇၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၂၅၄ ဒေါ်လာ) နဲ့ သြဂုတ်လ ၁၆ ရက်နေ့မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: Gizchina, MyDriver

You may also like these stories:

အလိုအလျောက် မြက်ရိတ်စက်ရုပ်ကို iRobot ပြသ

စပါးခင်းအတွင်း ပိုးကောင်နဲ့ ပေါင်းပင်များကို နှိမ်နှင်းပေးမယ့် ဘဲစက်ရုပ်ကို Nissan ဖန်တီး

Loading