ကမ္ဘာပေါ်မှာ နည်းပညာအမြင့်ဆုံး စစ်တပ်တခုဖြစ်တဲ့ အမေရိကန်စစ်တပ်က ခေတ်မီ နည်းပညာသစ်တခုကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရေတပ် ဖျက်သင်္ဘောတွေမှာ Touchscreen Controls (ထိတွေ့မျက်နှာပြင်သုံး ထိန်းချုပ်ခလုတ်) တွေ ဖြုတ်ပစ်ပြီး၊ ရိုးရိုး လက်ကိုင်ခလုတ်တွေ ပြန်တပ်ဖို့ အမိန့်ထုတ်လိုက်တာပါ။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ USS John S. McCain အမေရိကန် စစ်သင်္ဘောနဲ့ လိုက်ဘေးရီးယား ဆီတင် သင်္ဘောတစီးတို့ စင်ကာပူ ကမ်းလွန်ပင်လယ်ပြင်မှာ တိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ဒီအမိန့် ထွက်ပေါ်လာတာပါ။
အစီရင်ခံစာအရ စစ်သင်္ဘောပေါ်က တာဝန်ကျ ပဲ့ကိုင်တပ်သားတွေဟာ Touchscreen မျက်နှာပြင်က လီဗာခလုတ်နဲ့ စတီယာရင် ခလုတ်ကို သီးသန့် ခွဲသုံးဖို့ ကြိုးပမ်းရင်းနဲ့ သင်္ဘောကို မထိန်းနိုင်ဘဲ ဆီတင်သင်္ဘောလမ်းကြောင်းထဲ ဝင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သင်္ဘောမတော်တဆမှုကြောင့် သင်္ဘောသား ၁၀ ဦး အသက်ဆုံးရှုံးပြီး၊ McCain သင်္ဘောပေါ်က တပ်သား ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ထဲမှာပဲ အမေရိကန်စစ်သင်္ဘာနဲ့ အရပ်ဘက် သင်္ဘောတစီးတို့ မတော်တဆ တိုက်မိမှု ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါ မတော်တဆမှုတွေကို နိုင်ငံတော် သယ်ယူပို့ဆောင်ရေး လုံခြုံရေးကြီးကြပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာမှာ ရှုပ်ထွေးတဲ့ Touchscreen ခလုတ်တွေကလည်း မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောပေါ်က တာဝန်ကျတပ်သားတွေဟာ အရေးပေါ် အခြေအနေတွေမှာ ရှုပ်ထွေးတဲ့ Touchscreen ထိန်းချုပ်စနစ်တွေကို မသုံးတတ်ကြဘူးလို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ရေတပ် ဖျက်သင်္ဘောတွေမှာ Touchscreen ခလုတ်တွေ ဖြုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
Touchscreen ခလုတ်တွေအစား လက်ကိုင် ပဲ့ထိန်းခလုတ်နဲ့ လီဗာ ခလုတ်တွေကို ပြောင်းလဲ တပ်ဆင်ရမှာ ဖြစ်ပြီး၊ လာမယ့် ၁၈ လကနေ ၂၄ လအတွင်း အပြီးပြောင်းလဲရမှာပါ။ Integrated Bridge and Navigation System အသုံးပြုထားတဲ့ DDG-51 အတန်းစား စစ်သင်္ဘောတိုင်း မဖြစ်မနေ ပြောင်းတပ်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ USS Ramage သင်္ဘောက Touchscreen ခလုတ်တွေ ဖြုတ်ပစ်တဲ့ ပထမဆုံး ဖျက်သင်္ဘော ဖြစ်လာပါလိမ့်မယ်။
အမေရိကန်ရေတပ်ဟာ Touchscreen ခလုတ်တွေ နေရာမှာ အစားထိုးနိုင်မယ့် လက်ကိုင်ဘီးနဲ့ လီဗာခလုတ်တွေကိုလည်း စတင် ထုတ်လုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ လေ့လာမှုတခုအရ သင်္ဘောသား အများစုဟာ သင်္ဘောကို ထိန်းချုပ်ဖို့အတွက် လက်ကိုင်လှည့် ဘီးတွေနဲ့ လီဗာ ခလုတ်တွေကိုပဲ ပိုနှစ်သက်ကြတယ်လို့ သိရပါတယ်။
Ref: Ars Technica, BBC, Engadget