အမေရိကန် နည်းပညာကုမ္ပဏီ Snap Inc. က Spectacles 3 မျက်မှန်အသစ်ကို ယနေ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Augmented Reality (ပကတိပေါင်းစပ်) နည်းပညာ ပါဝင်တဲ့ နေကာမျက်မှန် တလက်ဖြစ်ပြီး၊ ၃၈၀ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။ မနှစ်က ထုတ်ထားတဲ့ Spectacles 2 ထက် ဈေး ၂ ဆ ပိုကြီးသွားပါတယ်။
Spectacles 3 က အရင်မော်ဒယ်ထက် ဒီဇိုင်း ပိုမိုကျစ်လျစ် သေးငယ်သွားပြီး၊ နောက်ထပ် HD ကင်မရာတလုံး ထပ်မံ ပါဝင်လာပါတယ်။ Carbon အနက်ရောင်နဲ့ ပန်းဆီရောင် သန်းတဲ့ Mineral ရောင် ဆိုပြီး အရောင် ၂ မျိုး ထုတ်သွားမှာပါ။ ပေါ့ပါးတဲ့ စတီးဖရိန်၊ လိုသလို ချိန်ညှိနိုင်တဲ့ မျက်မှန်ကိုင်း၊ ခရမ်းလွန်ရောင်ခြည်က ကာကွယ်ပေးမယ့် နေကာ မျက်မှန်ချပ်တွေ အသုံးပြုထားပါတယ်။
အရင်မော်ဒယ်တွေအတိုင်း မျက်မှန်အပေါ်က ခလုတ်လေးကို နှိပ်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူ ရိုက်ကူးနိုင်မှာပါ။ HD ကင်မရာ ၂ လုံးဖြစ်သွားတာကြောင့် နောက်ခံမြင်ကွင်း Depth ကို ဖမ်းယူလာနိုင်ပြီး၊ 3D ပုံရိပ်တွေလည်း ရိုက်လာနိုင်ပါတယ်။
လူကြိုက်များတဲ့ Snapchat ရဲ့ AR Effects တွေကို မျက်မှန်တပ်ထားရုံနဲ့ သွားလေရာမှာ အသုံးပြုနိုင်မှာပါ။ စမတ်ဖုန်းနဲ့ ကြိုးမဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် မျက်မှန်ကင်မရာက ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို ဖုန်းမှာ အဆင်သင့် ပြင်ဆင်ပြီး၊ Snapchat App မှာ တန်းတင်နိုင်ပါတယ်။
Spectacles 3 ကို အားတခါသွင်းထားရင် ဓာတ်ပုံ ၂၀၀ ကျော်နဲ့ ဗီဒီယို ၇၀ လောက် ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ မျက်မှန်ထဲမှာ 4GB Storage ပါဝင်တာကြောင့် ဓာတ်ပုံ ၁,၂၀၀ ကျော် နဲ့ ဗီဒီယို ၁၀၀ လောက် သိမ်းထားနိုင်ပါတယ်။ မျက်မှန်ကို အားပြန်သွင်းချင်ရင် ဘူးထဲ ထည့်ထားလိုက်ရုံပါပဲ။ ၇၅ မိနစ်အတွင်း အားအပြည့် ဖြစ်သွားမှာပါ။ မျက်မှန်ဘူးကိုတော့ USB-C ကြိုးနဲ့ အားပြန်သွင်းရမှာ ဖြစ်ပါတယ်။
Spectacles 3 ကို အင်တာနက်ခေတ်မှာ ကြီးပြင်းလာတဲ့ ဆယ်ကျော်သက် လူငယ်တွေကိုပဲ အဓိက ပစ်မှတ်ထား ရောင်းချသွားမှာ ဖြစ်ပါတယ်။ Snap Inc. ရဲ့ Snapchat Messaging App ကလည်း လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ App တခု ဖြစ်တာကြောင့် ပရိတ်သတ်အခိုင်အမာ ရှိပြီးသားပါ။
ပထမဆုံး Spectacles မျက်မှန်တုန်းကတော့ အလက်ရေ ၂ သိန်းလောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ယခု Spectacles 3 ကိုလည်း အရင်အတိုင်း အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Snapcht Mobile App ကို နေ့စဉ် အသုံးပြုသူဦးရေ သန်း ၁၉၀ လောက် ရှိပြီး၊ Twitter ထက် အသုံးပြုသူ သန်း ၆၀ လောက် ပိုများပါတယ်။ အသက် ၁၃ နှစ်ကနေ ၃၄ နှစ်အရွယ် အမေရိကန်နိုင်ငံသား ၇၅ ရာခိုင်နှုန်းလောက် ပုံမှန် အသုံးပြုနေကြတယ်လို့ အမှုဆောင်အရာရှိချုပ် Evan Speigel က ဧပြီလမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ကုမ္ပဏီက အရှုံးပေါ်နေဆဲပါ။ Snapchat ကို ၂၀၁၁ ခုနှစ်မှာ စတင် ထုတ်ပေးပြီးကတည်းက အခုအချိန်ထိ အမြတ်အစွန်း မရရှိသေးပါဘူး။
အထူးပြုလုပ်ထားတဲ့ မျက်မှန်၊ ဒါမှမဟုတ် ကင်မရာကနေ ပကတိမြင်ကွင်းမှာ ဒီဂျစ်တယ် ပုံရိပ်တွေ ပေါင်းထည့်ပေးနိုင်တဲ့ AR နည်းပညာကို Apple ၊ Google ၊ Microsoft စတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေလည်း အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။
Ref: The Verge, Gadgets NDTV
You may also like these stories:
၃၆၀ ဒီဂရီ နဲ့ ၁၈၀ ဒီဂရီ ပုံရိပ်တွေ ရိုက်ကူးနိုင်တဲ့ Insta360 EVO ခေါက်ချိုးကင်မရာကို မိတ်ဆက်
Snapchat နဲ့ Amazon တို့ ပူးပေါင်းပြီး ဓာတ်ပုံရိုက်၊ ဈေးဝယ်ယူနိုင်မယ့်စနစ်ကို မိတ်ဆက်
Huawei ရဲ့ ကိုယ်ပိုင် “HarmonyOS” ကို စတင် မိတ်ဆက်