ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီက Wildfire X ဆိုတဲ့ စမတ်ဖုန်းအသစ်တလုံးကို အိန္ဒိယနိုင်ငံမှာ ယနေ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လမှာ အိန္ဒိယစျေးကွက်က ထွက်ခွာခဲ့ပြီးနောက် တနှစ်အကြာမှာ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
Wildfire X စမတ်ဖုန်းဟာ HTC အမှတ်တံဆိပ် တပ်ထားပေမယ့် HTC ကိုယ်တိုင် ထုတ်ထားတာတော့ မဟုတ်ပါဘူး။ InOne Smart Technology ဆိုတဲ့ တရုတ်အခြေစိုက်ကုမ္ပဏီတခုက ထုတ်ပေးထားတာပါ။
Helio P22 SoC အသုံးပြုထားပြီး၊ နောက်ဆုံးပေါ် Android Pie စနစ်နဲ့ ထွက်ရှိလာတဲ့ တန်ဖိုးသင့်ဖုန်းတလုံး ဖြစ်ပါတယ်။ 3GB RAM နဲ့ 32GB Storage ၊ 4GB RAM နဲ့ 128GB Storage ဆိုပြီး ဗားရှင်းနှစ်မျိုး ထုတ်သွားမှာပါ။ SIM နှစ်ကတ် ဒါမှမဟုတ် SIM တကတ်နဲ့ microSD ကတ် 256GB အထိ ထည့်သုံးနိုင်ပါတယ်။
Wildfire X မှာ 6.2-inch HD+ LCD မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၈၈ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ မျက်နှာပြင်အပေါ်က အရွယ်သေးငယ်တဲ့ Notch အတွင်းမှာတော့ 8MP ကင်မရာတလုံး ထည့်ပေးထားပါတယ်။
ဖုန်းရဲ့ ကျောဘက်ကို ဖန်သားလို ပြောင်လက်နေတဲ့ 3D OPVD အလွှာ အုပ်ပေးထားပါတယ်။ လက်ဗွေရာဆန်ဆာကိုလည်း ကျောဘက်မှာပဲ တွေ့ရမှာပါ။
HTC Wildefire X ဖုန်းမှာ စုစုပေါင်း ကျောကင်မရာသုံးလုံးအထိ ပါဝင်ပါတယ်။ 12MP အဓိကဆန်ဆာ၊ ၂ ဆ Optical Zoom ဆွဲနိုင်တဲ့ 8MP Telephoto ဆန်ဆာ နဲ့ 5MP Depth ဆန်ဆာ သုံးလုံးတွဲပါ။
ဒီဖုန်းဝယ်ရင် “MyBuddy” ဆိုတဲ့ အပိုပစ္စည်းလေးတခုလည်း တခါတည်း ပါဝင်လာမှာပါ။ အန္တရာယ်ကြုံလာတဲ့အချိန်မှာ ကျယ်လောင်တဲ့ အချက်ပေးသံ ထုတ်ပေးနိုင်တဲ့ လက်ကိုင်ပစ္စည်းလေးတခု ဖြစ်ပါတယ်။
ကိုယ်ရောက်နေတဲ့ တည်နေရာကိုလည်း မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေထံ တိုက်ရိုက် ပေးပို့နိုင်သလို၊ ဘေးပတ်ဝန်းကျင်က အသံနဲ့ ဗီဒီယိုတွေကို အချိန်နဲ့ တပြေးညီ ရိုက်ကူး ပေးပို့နိုင်ပါတယ်။ တကယ်လို့ ဖုန်းအထားမှားနေတယ်ဆိုရင်လည်း ဒီစက်လေးနဲ့ ရှာနိုင်မှာပါ။
Wildfire X ဖုန်းမှာ 3,300mAh ဘက်ထရီ ပါဝင်ပြီး၊ Sapphire Blue တရောင်တည်း ထုတ်သွားမှာပါ။ 3GB/32GB မော်ဒယ်ကို ၁၅၅ ဒေါ်လာ၊ 4GB/128GB ကို ၁၉၅ ဒေါ်လာခန့် နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ Flipkark ကနေ သြဂုတ်လ ၂၂ ရက်နေ့ စတင်ရောင်းချသွားမှာပါ။ ၁ နှစ် အာမခံ အပြင် ခြောက်လအတွင်း ထိခိုက်ပျက်စီးမှု ဖြစ်ပါက အမေးအမြန်းမရှိ ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Gizmochina
You May Also Like These Stories:
ဈေးနှုန်းချိုသာတဲ့ Samsung Galaxy A10s ဖုန်းမော်ဒယ်သစ် ထွက်ရှိ
မျိုးဆက်သစ် Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို Samsung မိတ်ဆက်
နေရောင်ခြည်နဲ့ အားသွင်းနိုင်တဲ့ စမတ်ဖုန်း ဒီဇိုင်းကို Xiaomi မူပိုင်ခွင့်တင်