ယနေ့ နည်းပညာခေတ်မှာ ဘယ်သူမဆို စမတ်ဖုန်းတလုံးရှိရုံနဲ့ မရောက်ဖူးတဲ့ နေရာဒေသတွေကို အလွယ်တကူ သွားရောက်နိုင်နေပြီ ဖြစ်ပါတယ်။ ဒီအတွက် ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple ၊ Google နဲ့ Microsoft တို့က ကိုယ်ပိုင်မြေပုံ Application တခုစီ ထုတ်ပေးထားကြပါတယ်။
ဒီထဲမှာ Google Maps ကတော့ လူသုံးအများဆုံးနဲ့ လုပ်ဆောင်ချက်အစုံလင်ဆုံးပါ။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ Google Maps ကို ယှဉ်ပြိုင်မယ့် မြေပုံ Application သစ်တခု ထွက်ပေါ်လာဖို့ ရှိပါတယ်။
ယနေ့မှာ တရုတ်နည်းပညာကုမ္ပဏီ Huawei က “Map Kit” လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို အောက်တိုဘာလအတွင်း မိတ်ဆက်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။
Huawei ဟာ ယခုအချိန်ထိ အမေရိကန်အစိုးရဆီက အထူးခွင့်ပြုချက်မရရှိဘဲ Google Maps အပါအဝင် အမေရိကန်နည်းပညာတွေကို အသုံးပြုခွင့် မရသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် Huawei စမတ်ဖုန်းတွေအတွက် ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို ထုတ်ပေးဖို့ လုပ်ဆောင်နေတာပါ။
အတွင်းသတင်းတွေအရ Huawei Map Kit ကို အသုံးပြုသူတွေလက်ထဲ တိုက်ရိုက်ထည့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Map Kit ရဲ့ မြေပုံဖော်ဆောင်မှု စွမ်းဆောင်ရည်တွေကို အသုံးချပြီး ကိုယ်ပိုင် Applications တွေ ရေးဆွဲဖို့အတွက် Developers တွေကိုပဲ API အနေနဲ့ ထုတ်ပေးသွားမှာပါ။
Map Kit ကို ရုရှားအခြေစိုက် Yandex ၊ အမေရိကန်ခရီးသွားလာရေးကုမ္ပဏီ Booking Holdings နဲ့ Huawei တို့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမြေပုံဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ကာ ကမ္ဘာ့ နိုင်ငံဒေသပေါင်း ၁၅၀ က မြေပုံအချက်အလက်တွေကို စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။
ဂြိုလ်တုတည်နေရာပြစနစ်အတွက် နိုင်ငံအများအပြားမှာ ရှိတဲ့ Huawei တယ်လီကွန်းဆက်သွယ်ရေးစခန်းတွေကို အသုံးချထားတယ်လို့ သိရပါတယ်။
Google Maps နည်းတူ Map Kit မှာလည်း ယာဉ်ကြောပိတ်ဆို့မှုအခြေအနေတွေကို အချိန်နဲ့တပြေးညီ ပြပေးသွားမှာ ဖြစ်ပါတယ်။ ကားတစီး ယာဉ်ကြောပြောင်းသွားရင်တောင် သိရှိနိုင်တဲ့ အဆင့်မြင့်လမ်းကြောင်းပြစနစ်လည်း ပါဝင်လာပါတယ်။ Augement Reality (ပေါင်းစပ်ပကတိ) နည်းပညာတွေလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Huawei Consumer Busniesss Group ရဲ့ Cloud ဝန်ဆောင်မှုဆိုင်ရာ အကြီးအကဲဖြစ်သူ Zhang Pigan က ပြောကြားခဲ့ပါတယ်။
Huawei ဟာ မြေပုံဝန်ဆောင်မှုလုပ်ငန်းမှာ မျက်နှာသစ်ကုမ္ပဏီတခု ဖြစ်ပေမယ့် နိုင်ငံပေါင်း ၁၆၀ မှာ ဆက်သွယ်ရေးအခြေစိုက်စခန်းတွေ ရှိတာကြောင့် ကွန်ရက်ဖော်ဆောင်ဖို့ အခက်အခဲ ရှိမှာမဟုတ်ပါဘူး။ မည်သူမဆို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့အတွက် Map Kit မှာ ဘာသာစကားပေါင်း ၄၀ အထိ ပါဝင်လာမယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်တိုဘာလ မိတ်ဆက်ပွဲမှာ ကြေညာသွားဖို့ ရှိပါတယ်။
Ref: Beebom, Gizmochina
You may also like these stories:
AR လမ်းညွှန်စနစ်ကို Google Maps မှာ စတင် စမ်းသပ်
4G Router တဖြစ်လဲ Alexa စမတ်စပီကာ “AI Cube” ကို Huawei မိတ်ဆက်
Walmart ကလည်း ကိုယ်ပိုင် Game Streaming ဝန်ဆောင်မှုကို ဖန်တီးနေ