တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့အခြေစိုက် လျှပ်စစ်စကူတာကုမ္ပဏီ Segway-Ninebot က မောင်းသူ မပါဝင်ဘဲ အားသွင်းတဲ့နေရာဆီ အလိုအလျောက် ပြန်သွားနိုင်တဲ့ စကူတာ မော်ဒယ်သစ်တမျိုးကို သောကြာနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ “KickScooter T60” လို့ အမည်ပေးထားပြီး၊ Cloud နည်းပညာနဲ့ အဝေးကနေ ထိန်းချုပ်နိုင်တဲ့ စကူတာတစီး ဖြစ်ပါတယ်။
KickScooter T60 ဟာ စကူတာ အငှားလုပ်ငန်းတွေရဲ့ ပြင်ဆင်ထိန်းသိမ်းမှု စရိတ်ကို လျှော့ချပေးနိုင်ပြီး စကူတာဈေးကွက် ပိုမိုတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ Ninebot အကြီးအကဲ Gao Lufeng က ပြောကြားခဲ့ပါတယ်။ Uber နဲ့ Lyft အပါအဝင် ဖောက်သည်များစွာထံကနေ အမှာစာတွေ ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စကူတာ အငှားလုပ်ငန်းတွေအနေနဲ့ တရက်ကုန်ပြီ ဆိုတာနဲ့ လျှပ်စစ်စကူတာတွေကို အားပြန်သွင်းဖို့ လိုက်သိမ်းနေရပါတယ်။ ဒီအတွက် စကူတာ လိုက်သိမ်းပေးတဲ့လူတွေကိုလည်း အခကြေးငွေ ပြန်ပေးနေရတာပါ။
ဒါ့အပြင် ငှားစီးပြီးတော့ ရောက်လေရာမှာ ထားခဲ့တဲ့ စကူတာတွေက လမ်းသွားလမ်းလာတွေအတွက်လည်း အနှောင့်အယှက်သဖွယ် ဖြစ်နေပါတယ်။ ဒီလိုအခက်အခဲတွေကို အားသွင်းတဲ့နေရာဆီ အလိုအလျောက် ပြန်သွားနိုင်တဲ့ စကူတာက ဖြေရှင်းပေးနိုင်မယ်လို့ ကုမ္ပဏီက ယုံကြည်ထားပါတယ်။
KickScooter T60 မှာ ရှေ့ဘီးနှစ်ဘီးနဲ့ နောက်ဘီး တဘီး ပါဝင်ပြီး၊ Aritficial Intelligence နည်းပညာနဲ့ Cloud နည်းပညာတို့ကို အသုံးပြုကာ စီးနင်းသူ မပါဝင်ဘဲ ကိုယ်တိုင် လမ်းကြောင်းရှာ သွားလာနိုင်ပါတယ်။ စကူတာအားသွင်းစက် ရှိရာဆီ အလိုအလျောက် ပြန်လာနိုင်တာကြောင့် စကူတာ ပြန်လိုက်သိမ်းဖို့ လိုမှာ မဟုတ်တော့ပါဘူး။
Ninebot ရဲ့ စကူတာအသစ်ကို စကူတာအငှားဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်တဲ့ Uber နဲ့ Lyft တို့ကလည်း ဝယ်သုံးဖို့ စိတ်ဝင်စားနေကြတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ Ninebot ကတော့ ဒီစကူတာကို နောက်နှစ်အစောပိုင်းအထိ ထုတ်လုပ်ရောင်းချနိုင်မှာ မဟုတ်သေးဘူးလို့ ပြောကြားထားပါတယ်။
Segway-Ninebot ကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှာ တရုတ်အီလက်ထရောနစ်ကုမ္ပဏီ Ninebot နဲ့ အမေရိကန်တကိုယ်ရည်သုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထုတ်လုပ်တဲ့ Segway တို့ ပူးပေါင်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Bird နဲ့ Lime လို စကူတာအငှားလုပ်ငန်းတွေအတွက် လျှပ်စစ်စကူတာတွေ အဓိက ရောင်းချပေးနေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတင် စကူတာအစီးရေ ၁ ဒဿမ ၆ သန်းကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
KickScooter T60 ကိုတော့ ယွမ် တသိန်း (၁,၄၂၀ ဒေါ်လာခန့်) နဲ့ ရောင်းချသွားမှာပါ။ ဖောက်သည်တွေနဲ့ စကူတာ ကုမ္ပဏီတွေထံ ရောင်းချပေးနေတဲ့ ရိုးရိုး Ninebot စကူတာ မော်ဒယ်တွေကတော့ ဒေါ်လာ ၁၀၀ နဲ့ ၃၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။
Ref: The Verge, Engadget
You may also like these stories:
အစားအသောက်တွေကို ဒရုန်းနဲ့ လိုက်ပို့ပေးတော့မှာ ဖြစ်ကြောင်း Uber ပြောကြား
Xiaomi က လေဆာအာရုံခံစနစ် ပါဝင်တဲ့ MIJIA စက်ရုပ် ဖုန်စုပ်စက်အသစ်ကို မိတ်ဆက်
DJI ဒရုန်းအသစ်တွေမှာ လေယာဉ် နီးကပ်လာရင် သတိပေးမယ့် ဆန်ဆာများ ပါဝင်လာမည်