ယခုနှစ်အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ် နည်းပညာကုမ္ပဏီ Huawei ကို ကုန်သွယ်မှုပိတ်ပင်တဲ့စာရင်းထဲ ထည့်သွင်းကြောင်း အထူးအမိန့်တစောင်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ကြောင့် Google အပါအဝင် အမေရိကန် နည်းပညာ ကုမ္ပဏီအများအပြားဟာ Huawei နဲ့ လက်တွဲဖြုတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အမိန့်ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ ရောင်းပြီးသား Huawei ဖုန်းတွေကို ဆော့ဖ်ဝဲအသစ် ထပ်ထုတ်ပေးဖို့နဲ့ လက်ရှိ ဆက်သွယ်ရေးကွန်ရက်တွေကို ထိန်းသိမ်းဖို့အတွက် Huawei ကို ရက် ၉၀ ယာယီ လိုင်စင် ပြန်ထုတ်ပေးခဲ့ပါတယ်။ သို့ပေမယ့် ခွင့်ပြုချက် မတောင်းဘဲ အမေရိကန်ကုမ္ပဏီတွေထံက နည်းပညာနဲ့ ပစ္စည်းအစိတ်အပိုင်းအသစ်တွေ ဝယ်ယူခွင့်တော့ မပေးခဲ့ပါဘူး။
အခုဆို Huawei ရဲ့ ရက် ၉၀ ယာယီလိုင်စင်က သက်တမ်းကုန်တော့မှာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက Huawei ကို ရက် ၉၀ သက်တမ်းရှိ နောက်ထပ် ယာယီလိုင်စင်တခု ထပ်ထုတ်ပေးဦးမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ G-20 ထိပ်သီးအစည်းအဝေးအပြီးမှာ သမ္မတထရမ့်က အမေရိကန်ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့် ပြန်ပေးလိုက်ပြီဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။ သို့ပေမယ့် အခုအချိန်ထိ ကုန်သွယ်မှု ပိတ်ပင်တဲ့စာရင်းမှာ Huawei နာမည်ကို တရားဝင် မပယ်ဖျက်ရသေးပါဘူး။
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei နဲ့ စီးပွားရေးလုပ်ချင်ရင် ကုန်သွယ်ရေးဝန်ကြီးဌာနထံမှာ ခွင့်ပြုချက် တောင်းနေရပါသေးတယ်။
ဒီကြားထဲမှာ Huawei ကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်ကုမ္ပဏီတွေကလည်း Huawei ကုမ္ပဏီထံ ရောင်းချခွင့်ရဖို့အတွက် အထူးခွင့်ပြုချက်လိုင်စင်တွေ လျှောက်ထားခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့လအတွင်းမှာတင် လိုင်စင်လျှောက်လွှာပေါင်း ၅၀ ထက် မနည်း ရရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီး ဝေဘာရော့စ်က ပြောကြားခဲ့ပါတယ်။ လျှောက်လွှာတွေ ပိုများလာနိုင်တယ်လို့လည်း ရော့စ်က ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရဘက်က ဆက်ဆံရေး ပြေလျော့လာပေမယ့် Huawei ကတော့ အမေရိကန်ကုမ္ပဏီတွေအပေါ် မှီခိုအားထားနေရမှုကို လျော့ချဖို့အတွက် အစွမ်းကုန် ကြိုးစားလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ကိုယ်ပိုင် စက်လည်ပတ်မှုစနစ် (OS) ဖြစ်တဲ့ “HarmonyOS” နဲ့ အဆိုပါ OS အသုံးပြုထားတဲ့ စမတ်တီဗီတလုံးတို့ကို မိတ်ဆက်ပေးခဲ့တာ တွေ့ရပါတယ်။
Ref: Gizmochina
You may also like these stories:
Huawei ရဲ့ ကိုယ်ပိုင် “HarmonyOS” ကို စတင် မိတ်ဆက်
Huawei နဲ့ ZTE တို့ရဲ့ 5G ကွန်ရက် နည်းပညာတွေကို သြစတြေးလျအစိုးရ ပိတ်ပင်
အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင် အမြန်ထုတ်ပေးသွားမည်