စမတ်ဖုန်းတွေ ခေတ်စားလာပေမယ့် ဒီဂျစ်တယ် ကင်မရာဈေးကွက်မှာ အက်ရှင်ကင်မရာတွေက လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
အက်ရှင်ကင်မရာတွေကို လှုပ်ရှားမှုအသားပေးဗီဒီယိုတွေ ရိုက်ကူးဖို့အတွက် အဓိကထုတ်လုပ်ထားပြီး၊ မြင်ကွင်းကျယ် ကင်မရာမှန်ဘီလူး၊ တုန်ခါမှု ထိန်းညှိစနစ်၊ 60fps ဗီဒီယို ရိုက်ကူးနိုင်စွမ်းတွေ မပါမဖြစ် ပါဝင်ပါတယ်။ ဒါပေမဲ့ နည်းပညာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အက်ရှင်ကင်မရာတွေကို အစားထိုးမယ့် စမတ်ဖုန်းတွေ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။
ယနေ့မှာ Motorola က One Action ဆိုတဲ့ စမတ်ဖုန်း အသစ်တလုံးကို မိတ်ဆက်လိုက်ပါတယ်။ ကျောဘက်မှာ ထည့်သွင်းထားတဲ့ အက်ရှင်ကင်မရာကြောင့် One Action ဆိုတဲ့ နာမည် ပေးထားတာ ဖြစ်ပါတယ်။ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် Lens ၊ 1080p ဗီဒီယိုတွေကို 60fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
16MP ဆန်ဆာမှာ အလင်းရောင်နည်းတဲ့အချိန် ပုံရိပ်အရည်အသွေး ပိုကောင်းစေဖို့ အတွက် 4-in-1 Pixel ပေါင်းစပ်မှုနည်းပညာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် လှုပ်ရှားနေစဉ် ဗီဒီယိုတုန်ခါမှုလျော့ချပေးဖို့အတွက် Electronic Image Stabilization (EIS) လည်း ထည့်သွင်းပေးထားပါတယ်။
ထူးခြားချက်တခုက ဖုန်းကို ဒေါင်လိုက်ထားချိန်မှာလည်း အလျားလိုက် Landscape ဗီဒီယိုတွေ ရိုက်နိုင်ဖို့အတွက် ဆန်ဆာကို ချိန်ညှိတိမ်းစောင်းပေးထားတယ်လို့ သိရပါတယ်။ ဖုန်းတပ်ရတဲ့ အထိုင်အမျာစုကလည်း ဒေါင်လိုက်ပဲ တပ်လို့ရတာကြောင့် စက်ဘီးမှာ တပ်ပြီး ရိုက်မယ်ဆို ပိုအဆင်ပြေသွားမှာပါ။
ဒီကင်မရာက ဗီဒီယိုရိုက်ဖို့ အတွက် သီးသန့် ဖြစ်ပြီး၊ ဓာတ်ပုံ မရိုက်နိုင်ပါဘူး။ ဓာတ်ပုံနဲ့ ရိုးရိုးဗီဒီယိုတွေ ရိုက်မယ်ဆိုရင် 12MP အဓိကကျောကင်မရာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီကင်မရာနဲ့လည်း 4K (30fps) ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ တတိယမြောက်ကင်မရာကတော့ နောက်ခံဝါးဖို့အတွက် 5MP Depth Sensor ဖြစ်ပါတယ်။ ဖုန်းရဲ့ ကျောဘက်က Motorola တံဆိပ်မှာပဲ လက်ဗွေရာဆန်ဆာ ထည့်ပေးထားပါတယ်။
Motorola One Action ဖုန်းမှာ သာမန်ဖုန်းတွေထက် ပိုမိုရှည်လျားတဲ့ 21:9 အချိုးအစားသုံး 6.3-inch FHD IPS LCD မျက်နှာပြင်ကို အသုံးပြုပေးထားပါတယ်။ 12MP Selfie ကင်မရာ တလုံးကိုတော့ မျက်နှာပြင်အပေါ်ဘက်မှာ အပေါက်ဖောက်ပြီး ထည့်ပေးထားပါတယ်။
အက်ရှင် ကင်မရာဖုန်းဆိုပေမယ့် အကြမ်းခံနိုင်စွမ်းတော့ မမြင်ပါဘူး။ ရေစိုခံနိုင်စွမ်း အခြေခံအဆင့် IPX2 လောက်ပဲ ရှိမှာပါ။ ရေစက် ဖိတ်ကျမှုဒဏ်လောက်ပဲ ခံနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဖုန်းကို ထိခိုက်ပြုတ်ကျမှုဒဏ်တွေ ခံနိုင်ရည်ရှိအောင်လည်း ဒီဇိုင်းမလုပ်ပေးထားပါဘူး။ ဖုန်းဝယ်ရင် ဘူးထဲမှာ ကာဗာတခုတော့ ထည့်ပေးထားပါတယ်။
Motorola One Action ကို Android One ပရိုဂရမ်နဲ့ ထုတ်ထားတာ ဖြစ်ပြီး၊ Android 9.0 Pie စနစ် ပါဝင်လာမှာပါ။ Samsung ရဲ့ Exynos 9609 Chipset နဲ့ ဖြစ်ကာ 4GB RAM နဲ့ 128GB Storage တို့ ပါဝင်ပါတယ်။ SIM နှစ်ကတ် ဒါမှမဟုတ် SIM တကတ်နဲ့ microSD တကတ် စိုက်သုံးနိုင်ပါတယ်။ 3,500mAh ဘက်ထရီ ပါဝင်ပြီး၊ USB-C အပေါက်ကနေ 10W ခေါင်းနဲ့ အားသွင်းရမှာပါ။ 3.5mm နားကြပ်ပေါက်လည်း အစဉ်အလာမပျက် ပါဝင်လာပါသေးတယ်။
Motorola One Action ဖုန်းကို ဥရောပဈေးကွက်မှာ ယူရို ၂၆၀ ဈေးနဲ့ သြဂုတ်လ ၁၆ ရက် ကနေ စတင်ဝယ်ယူနိုင်ပါပြီ။ အမေရိကန်နဲ့ ကနေဒါကိုတော့ အောက်တိုဘာလမှာ ဝင်လာမှာပါ။ Denim Blue နဲ့ Pearl White ဆိုပြီး ၂ ရောင် ရွေးချယ်နိုင်ပါတယ်။
Ref: GSM Arena
You may also like these stories:
3D ပုံရိပ်တွေ ရိုက်ကူးနိုင်တဲ့ Snap Spectacles 3 နေကာမျက်မှန်ကို မိတ်ဆက်
DJI ရဲ့ ပထမဆုံး Action Camera “Osmos Action”