ဂျာမနီနိုင်ငံ၊ Cologne မြို့မှာ ကျင်းပနေတဲ့ Gamescom 2019 ပွဲမှာ HP က Omen နဲ့ Pavillion စီးရီး Gaming ထုတ်ကုန်သစ်များစွာကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီထဲမှာ “Pavillion Gaming 15” ဆိုတဲ့ Gaming Laptop တလုံးလည်း အပါအဝင်ပါ။
ဒီ Laptop ရဲ့ ထူးခြားချက်ကတော့ AMD CPU နဲ့ Nvidia GPU တို့ကို တွဲဖက် အသုံးပြုထားတာပါ။ HP ကုမ္ပဏီရဲ့ AMD CPU သုံး ပထမဆုံး Gaming Laptop လည်း ဖြစ်ပါတယ်။
Pavillion Gaming 15 ဟာ ဈေးအရမ်းမကြီးဘဲ နောက်ဆုံးပေါ်ဂိမ်းတွေ ဆော့နိုင်တဲ့ Gaming Laptop တလုံး ရှာဖွေနေသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဇိုင်း လှသလို၊ စွမ်းဆောင်ရည်လည်း ကောင်းမွန်မှာပါ။ ၁၅ ဒဿမ ၆ လက်မအရွယ် Display က ဘေးဘောင်တွေ အတော်ကျဉ်းမြောင်းပြီး၊ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၇၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။
144Hz Refresh Rate ရှိတဲ့ Display ဖြစ်တာကြောင့် လှုပ်ရှားမှုအသားပေး ဂိမ်းတွေကို ပိုမိုချောမွေ့စွာ ကစားနိုင်မှာပါ။ ၇၉၉ ဒေါ်လာတန် Gaming Laptop တလုံးအနေနဲ့ အားရစရာ ဖြစ်ပါတယ်။
ယခု Pavillion Gaming 15 က အရင် မော်ဒယ်တွေထက် ကိုယ်ထည်ပိုသေးသွားသလို အထူလည်း ဝ.၉ လက်မပဲ ရှိပါတယ်။ ကျောပိုးအိတ်ထဲ ချောင်ချောင်ချိချိ ထည့်သယ်သွားနိုင်မှာပါ။ ဒါပေမဲ့ အလေးချိန်ကတော့ ၅ ပေါင်လောက် ရှိတာကြောင့် နည်းနည်းတော့ လေးပါလိမ့်မယ်။
လက်ပ်တော့ကိုယ်ထည် အရောင်အတိုင်း မီးလင်းမယ့် ကီးဘုတ်ကို အသုံးပြုထားပါတယ်။ ကိုယ်ရွေးချယ်တဲ့ အရောင်အလိုက် အစိမ်းဆို အစိမ်း၊ ခရမ်းဆို ခရမ်း တရောင်ပဲ လင်းမှာပါ။ RGB ကီးဘုတ်တွေလိုတော့ ရောင်စုံ လင်းမှာ မဟုတ်ပါဘူး။
HP Pavillion Gaming 15 ကို AMD Ryzen 5 သို့မဟုတ် Ryzen 7 CPU နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ GPU ကိုလည်း Nvidia GeForce GTX 1050 ဒါမှမဟုတ် GTX 1660Ti (Max-Q) ဆိုပြီး ထပ်မံ ရွေးချယ်နိုင်မှာပါ။ Storage ကိုတော့ အမြင့်ဆုံး 1TB PCIe SSD အထိ တပ်ဆင်နိုင်ပါတယ်။
Gaming Laptop တွေရဲ့ အဓိကအားနည်းချက်ဖြစ်တဲ့ အပူချိန်မြင့်မားမှုကို လျော့ချပေးဖို့အတွက် ပန်ကာနှစ်လုံးပါ အအေးပေးစနစ်ကို အဆင့်မြှင့်တင်ပေးထားတယ်လို့ HP က ပြောကြားထားပါတယ်။ အရင်နှစ်က မော်ဒယ်နဲ့ ယှဉ်ရင် လေထွက်ပေါက်တွေ ပိုကြီးလာသလို အပူပိုက်တွေလည်း ပိုကြီးလာပါတယ်။
ယခု Gaming Laptop အသစ်ကို ၇၉၉.၉၉ ဒေါ်လာနဲ့ စက်တင်ဘာလမှာ စတင်ရောင်းချပေးသွားမှာပါ။ HP ဟာ ယခုနှစ်အစောပိုင်းတုန်းကလည်း Intel CPU တွေ အသုံးပြုထားတဲ့ Pavillion Gaming 15 Laptop ကို ထုတ်ပေးခဲ့ဖူးပါတယ်။ ယခုမော်ဒယ်မှာတော့ AMD CPU တွေကို ပထမဆုံးအကြိမ် ပြောင်းလဲ ထည့်သွင်းပေးထားတာပါ။
Ref: Laptop Mag, Gadgets NDTV
You may also like these stories:
Samsung Galaxy Note 10 ဖုန်းမှာ PC ဂိမ်းတွေ ကစားနိုင်မယ့် ဝန်ဆောင်မှုကို ရှေ့လ ထုတ်ပေးမည်
Xiaomi ရဲ့ Mi Gaming Laptop 2019 မော်ဒယ်အသစ် ထွက်ရှိ
Notebook Odyssey နဲ့ Gaming Laptop ဈေးကွက်ကို ထိုးဖောက်မယ့် Samsung
CPU နဲ့ GPU လဲလှယ် တပ်ဆင်နိုင်မယ့် Area 51m Laptop ကို Alienware မိတ်ဆက်