Vivo ရဲ့ ဖုန်းမော်ဒယ်အသစ် “iQOO Pro” ကို သြဂုတ်လ ၂၃ ရက်နေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သတင်းတွေ ထွက်ခဲ့သလိုပဲ 4G နဲ့ 5G ဆိုပြီး မော်ဒယ်ကွဲ ၂ မျိုး ရောင်းချသွားမှာပါ။ ဒီဖုန်းဟာ Vivo ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်သလို။ ပထမဆုံး 5G ရတဲ့ ဂိမ်းမင်းဖုန်းလည်း ဖြစ်ပါတယ်။
iQoo Pro ဟာ မကြာခင်ကမှ စတင်ထုတ်ခဲ့တဲ့ Vivo iQOO စီးရီးအသစ်ရဲ့ တတိယမြောက် မော်ဒယ် ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံအားဖြင့်လည်း အရင်မော်ဒယ် iQOO နဲ့ ဆင်တူတာ တွေ့ရမှာပါ။
iQOO Pro ကို 4G နဲ့ 5G မော်ဒယ်ဆိုပြီး ၂ မျိုး ထုတ်မှာဖြစ်ပေမယ့် ကွန်ရက်လိုင်းပဲ အဓိက ကွာသွားမှာပါ။ ကျန်တာ အားလုံးက အတူတူပါပဲ။ ၆ ဒဿမ ၄၁ လက်မ အရွယ် Full HD+ Super AMOLED Display နဲ့ ဖြစ်ပြီး၊ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာလည်း ပါဝင်လာပါတယ်။
Qualcomm ရဲ့ Snapdragon 855 Plus Chipset အသစ်ကို အသုံးပြုထားပြီးတော့ အမြင့်ဆုံး 12GB RAM နဲ့ 256GB UFS 3.0 Storage အထိ ရရှိမှာပါ။ 4,500mAh ဘက်ထရီမှာ 44W အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်ပါတယ်။ NFC ၊ 3.5mm နားကြပ်ပေါက်နဲ့ Hi-Res Audio တို့လည်း အစဉ်အလာမပျက် ပါဝင်လာဦးမှာပါ။
ဖုန်းရဲ့ ကျောဘက်မှာတော့ AI နည်းပညာပါဝင်တဲ့ 48MP အဓိကကင်မရာ၊ 13MP မြင်ကွင်းကျယ်ကင်မရာနဲ့ 2MP Depth Sensor ၃ လုံးတွဲကို တွေ့မြင်ရပါတယ်။ အရှေ့ကင်မရာကတော့ Dual Pixel နည်းပညာ ပါဝင်တဲ့ 12MP ကင်မရာ တလုံးတည်းပါ။
iQOO Pro 5G မော်ဒယ်မှာ SIM တကတ်က 5G ကွန်ရက်အတွက် ဖြစ်ကာ နောက်တကတ်ကတော့ 4G LTE ဖြစ်ပါတယ်။ 5G မရသေးတဲ့ နေရာတွေမှာလည်း 4G အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။ 4G သီးသန့်မော်ဒယ်မှာတော့ SIM နှစ်ကတ်လုံးက 4G အတွက်ပဲ ဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ 8GB RAM နဲ့ 128GB Storage ပါဝင်တဲ့ Vivo iQoo Pro (4G) အနိမ့်ဆုံးမော်ဒယ်ကို ၄၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အမြင့်ဆုံး 12GB အထိ ယူမယ်ဆိုရင်တော့ ၄၉၃ ဒေါ်လာခန့် ကျသင့်ပါလိမ့်မယ်။
iQOO Pro 5G Edition မှာတော့ ဗားရှင်း ၃ မျိုး ရှိပါတယ်။ 8GB RAM နဲ့ 128GB ပါတဲ့ မော်ဒယ်ကို ၅၃၆ ဒေါ်လာ၊ 8GB/256GB မော်ဒယ်ကို ၅၆၄ ဒေါ်လာ နဲ့ 12GB/128GB RAM ကို ၅၇၈ ဒေါ်လာ ဈေးနှုန်းနဲ့ ရောင်းချသွားမှာပါ။ လက်ရှိမှာ ဈေးအသက်သာဆုံး 5G ဖုန်းတလုံး ဖြစ်ပါတယ်။
Vivo iQOO Pro မော်ဒယ် နှစ်မျိုးလုံးကို သြဂုတ်လ ၂၃ ရက်နေ့ စတင်ကာ တရုတ်နိုင်ငံမှာ ကြိုတင်မှာယူထားနိုင်ပါပြီ။ 4G ကို သြဂုတ် ၃၀ ရက်နေ့၊ 5G ကို စက်တင်ဘာ ၂ ရက်နေ့ မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Ref: GSM Arena, Digit
You may also like these stories:
ဖိုင် အပြန်အလှန် ပေးပို့နိုင်တဲ့စနစ် ဖန်တီးရန် Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်း
Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ
Punch-hole Display နဲ့ Vivo Z1 Pro ကို အိန္ဒိယမှာ မိတ်ဆက်
Vivo ရဲ့ Gaming ဖုန်းအသစ် “iQoo Neo” ထွက်ရှိ