Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်တဲ့ “Galaxy Fold” ကို ယခုနှစ် အစောပိုင်းမှာ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းကို မူလက ဧပြီလအတွင်း ရောင်းချဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မျက်နှာပြင်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေတာကြောင့် မရောင်းခင် ရက်ပိုင်းအလိုမှာ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဒီလိုနဲ့ နောက်ထပ် ၃ လခန့် အချိန်ယူ ပြင်ဆင်ပြီးနောက်မှာတော့ စက်တင်ဘာလအတွင်း ရောင်းချမှာ ဖြစ်ကြောင်း ထပ်မံ ကြေညာခဲ့ပါတယ်။ ရက်အတိအကျတော့ မပြောခဲ့ပါဘူး။
ဒါပေမဲ့ သတင်းကောင်းတခုကတော့ Samsung ဟာ Galaxy Fold စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ စတင် ကြိုတင် အော်ဒါလက်ခံနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာသစ် ခေါက်ချိုးဖုန်းကို ဦးဦးဖျားဖျား ကိုင်ချင်သူတွေအနေနဲ့ Samsung China ရဲ့ Website စာမျက်နှာမှာ သွားရောက် မှာယူနိုင်ပါပြီ။ လောလောဆယ်တော့ တရုတ်နိုင်ငံမှာပဲ အော်ဒါမှာလို့ ရဦးမှာ ဖြစ်ပါတယ်။
Samsung ဟာ ယခုရောင်းချမယ့် Galaxy Fold ဖုန်းမှာ မူလဗားရှင်းရဲ့ အပြစ် အနာအဆာအချို့ကို ဖြေရှင်းဖို့အတွက် ပြောင်းလဲ ပြင်ဆင်မှုအချို့ လုပ်ထားကြောင်းလည်း ကြေညာထားပါတယ်။ အပြင်က အမှုန်အမွှားတွေ မဝင်နိုင်အောင် ကာကွယ်မှုအချို့ ထပ်ထည့်ပေးထားသလို၊ အပေါ်နဲ့ အောက် အဆက်နေရာတွေကိုလည်း ပိုမိုခိုင်မာအောင် လုပ်ပေးထားပါတယ်။
အခုဆို Infinity Flex Display ရဲ့ Screen ကို ကာကွယ်မှုပေးထားတဲ့ အပေါ်ကာဗာ အလွှာကလည်း ဘေးဘောင်တွေပါ ဖုံးသွားပြီ ဖြစ်တာကြောင့် မှားယွင်း ခွာမိတော့မှာ မဟုတ်ပါဘူး။ မူလ Galaxy Fold စမတ်ဖုန်းတုန်းက အဆိုပါအလွှာကို ဖုန်းဝေဖန်ရေးသမားတွေ မှားခွာမိတာကြောင့် Screen သုံးမရတော့တဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်။ ကာကွယ်မှုတွေ တိုးပေးထားပေမယ့် ဖုန်းဒီဇိုင်းကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
နည်းပညာ အသစ်အဆန်းဖြစ်တာကြောင့် Galaxy Fold ဖုန်းရဲ့ ဈေးနှုန်းကတော့ မသေးပါဘူး။ အစောဆုံး ကိုင်ချင်တယ်ဆိုရင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁,၉၈၀ လောက် ပေးရပါလိမ့်မယ်။ ဈေးကွက်ထဲ ရောင်းချမယ့်ရက်ကို မကြာခင် ထပ်ကြေညာပေးမှာ ဖြစ်ပါတယ်။
Ref: Gizmochina
You may also like these stories:
မျက်နှာပြင် ၃ ခုထပ် စမတ်ဖုန်းဒီဇိုင်းကို Samsung မူပိုင်ခွင့်တင်
တရုတ်နိုင်ငံတွင် Galaxy Fold ရောင်းချမည့် ပွဲများကို Samsung ရွှေ့ဆိုင်း
Samsung က တရုတ်နိုင်ငံမှာ ဖုန်းထုတ်လုပ်မှု လျှော့ချ
Galaxy Fold လို ဖြစ်မှာစိုးတာကြောင့် Huawei Mate X ခေါက်ချိုးဖုန်း ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်း