ဗြိတိန်က ဖခင်တဦးဟာ မိဘတွေဆီကို စာပြန်မှ ဖုန်း Unblock ဖြုတ်ပေးမယ့် Application တခုကို တီထွင်လိုက်တယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ Nick Herbert ဟာ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူက သူ့ရဲ့ မက်ဆေ့ချ်တွေကို ဂရုမစိုက်ဘဲ နေတာကြောင့် အခုလို App ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
RespondASAP လို့ အမည်ရတဲ့ အဲဒီ Application ဟာ မိဘတွေ ပို့တဲ့ မက်ဆေ့ချ်ကို ချက်ချင်း ဖွင့်မဖတ်မချင်း အသံမြည်နေမှာ ဖြစ်ပါတယ်။ ဖုန်းကို Silent လုပ်ထားတယ် ဆိုရင်တောင်မှ အသံက မြည်နေဦးမယ့် အပြင် မက်ဆေ့ချ်ကို မဖတ်ရင် ဖုန်းကို ဖွင့်ပြီး သုံးလို့ ရမှာ မဟုတ်ပါဘူး။
“ဒီ App ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေကို မိဘစကားပြောရင် ပြန်ပြောစေချင်လို့ပါ။ အခြား မိဘတွေလည်း သဘောကျမယ်လို့ မျှော်လင့်ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်”
“ဒီ App ရဲ့ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်။ မိဘရော သားသမီး ကပါ App ကို Install လုပ်မှ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ မက်ဆေ့ချ်တွေကို ပြန်မပို့မချင်း ဖုန်းက မြည်နေမှာပါ။ ကျနော့်သား ဖုန်းစကိုင်တဲ့ အချိန်မှာ ဒီ App ကို ဒီဇိုင်းဆွဲဖို့ အကြံရခဲ့တာပါ”လို့ Nick Herbert က ပြောပါတယ်။
Application ကို အသုံးပြုမယ့်သူတွေအတွက် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။
Ref. metro.co.uk