၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ Facebook က အသုံးပြုသူတွေရဲ့ မျက်နှာကို သိရှိ မှတ်သားထားနိုင်တဲ့ “Face Recognition” လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိမျက်နှာ ပါဝင်တဲ့ ဓာတ်ပုံကို Tag မတွဲဘဲ တင်ထားတဲ့အခါ ဒါမှမဟုတ် အခြားလူတဦးဦးက မိမိပုံကို အသုံးပြုနေတဲ့အခါ အကောင့်ပိုင်ရှင်ကို အကြောင်းကြားပေးမယ့် လုပ်ဆောင်ချက်တမျိုးပါ။
အဲဒီလုပ်ဆောင်ချက်ကို အသုံးပြုသူအချို့အတွက်ပဲ ထုတ်ပေးခဲ့တာကြောင့် အခုအချိန်ထိ မရသေးတဲ့လူတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ Face Recognition Settings ကို အသုံးပြုသူအားလုံး ရရှိတော့မှာ ဖြစ်ကြောင်း Facebook က ကြေညာလိုက်ပါတယ်။ ရှေ့ရက်သတ္တပတ် အနည်းငယ်အတွင်း အပြီးထုတ်ပေးသွားမယ်လို့ သိရပါတယ်။
Face Recognition လုပ်ဆောင်ချက်ဟာ Facebook မှာ အရင်ကတည်းက ပါပြီးသားဖြစ်တဲ့ “Tag Suggestions” လုပ်ဆောင်ချက်နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ Tag Suggestions က ဓာတ်ပုံတွေမှာ သူငယ်ချင်းတွေကို Tag ဖို့ လောက်ပဲ အကြံပြုနိုင်တာပါ။ Face Recognition မှာတော့ မိမိဓာတ်ပုံကို တခြားတယောက်ယောက်က ယူသုံးလိုက်တာနဲ့ အကောင့်ပိုင်ရှင်ကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
ဒီ လုပ်ဆောင်ချက်ကို Tag Suggestions နေရာမှာ အပြီးတိုင် အစားထိုးသွားမှာ ဖြစ်ပါတယ်။ အကယ်လို့ မိမိ Facebook Account Settings ထဲမှာ “Face Recognition” ဆိုတဲ့ Option မတွေ့သေးဘူးဆိုရင် ခဏလောက် စောင့်ကြည့်ပေးပါ။ မကြာခင် ရက်ပိုင်းအတွင်း News Feed ကနေ အကြောင်းကြားလာပါလိမ့်မယ်။
အဆိုပါ Notification ကနေတဆင့် Face Recognition ကို ဖွင့်မလား၊ ပိတ်ထားမလား ရွေးချယ်နိုင်မှာပါ။ အကယ်၍ ဘာမှ မရွေးလိုက်ဘူးဆိုရင်တော့ Face Recogntion လုပ်ဆောင်ချက်ကို Default အနေနဲ့ ပိတ်ပေးထားမှာ ဖြစ်ပါတယ်။ Facebook အကောင့် အသစ်တွေမှာလည်း ဒီလုပ်ဆောင်ချက်ကို ကြိုတင်ပိတ်ပေးထားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
Facebook ဟာ ၂၀၁၅ ခုနှစ်ကလည်း မျက်နှာဖတ်သားမှု နည်းပညာကို အသုံးချပုံ နည်းလမ်းအချို့ကြောင့် တရားစွဲခံရဖူးပါတယ်။ ဒီအမှုကို Facebook ဘက်က အယူခံဝင်ခဲ့ပေမယ့် အသုံးပြုသူတွေထံက သဘောတူညီမှု မရရှိဘဲ အကောင့်သန်းပေါင်းများစွာရဲ့ ဓာတ်ပုံတွေကို စုဆောင်းထားကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ တပတ်ကတင် အယူခံ ပယ်ချခံခဲ့ရပါတယ်။
အကယ်၍ အမှုရှုံးနိမ့်မယ်ဆိုရင် Facebook ဘက်က ဒေါ်လာ ဘီလျံများစွာ ဒဏ်ကြေး ပေးဆောင်ရဖွယ် ရှိနေပါတယ်။
Ref: The Verge, CNN, TNW
You May Also Like These Stories:
မြန်မာ Page၊ Group၊ Account ၂ ရာကျော်ကို Facebook ပိတ်
အသုံးပြုသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုကြောင့် Facebook ကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်