နည်းပညာ တိုးတက်လာတာနဲ့အမျှ ငွေပေးချေမှု ပုံစံတွေလည်း တိုးတက် ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ငွေသား ကိုင်စရာ မလိုဘဲ ကတ်၊ ဖုန်း၊ မျက်နှာ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ငွေပေးချေလို့ ရနေပါပြီ။
မကြာခင်အချိန်အတွင်းမှာလည်း ပိုမိုဆန်းသစ်တဲ့ ငွေပေးချေမှုစနစ်တမျိုးကို ထပ်မံ မြင်တွေ့ရဖို့ ရှိပါတယ်။ လက်ကို Scan ဖတ်ပြီး ငွေချေနိုင်မယ့် စနစ်ပါ။ အမေရိကန် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Amazon က စမ်းသပ် နေတဲ့ နည်းပညာသစ်တခု ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ ကမ္ဘာ့အကြီးဆုံး လက်လီကုမ္ပဏီအဖြစ် Walmart ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Amazon ဟာ လူတယောက်ချင်းစီရဲ့ လက်ပုံစံ၊ အရွယ်အစားကို သိရှိ တိုင်းတာနိုင်တဲ့ Scanner စက်တွေကို တိတ်တဆိတ် စမ်းသပ်နေတာ ဖြစ်ပါတယ်။
Amazon နယူးယောက် ရုံးက အလိုအလျောက် အရောင်းစက်တွေမှာ Scanner တွေ တပ်ပြီး ဝန်ထမ်းတွေနဲ့ စမ်းသပ်နေတာ ဖြစ်တယ်လို့ The New York Post သတင်းစာမှာ ဖော်ပြထားပါတယ်။ အောင်မြင်သွားရင် မကြာခင် လအနည်းငယ်အတွင်း Whole Foods စူပါမားကတ်ဆိုင်တွေမှာ စတင် တပ်ဆင်အသုံးပြုသွားမှာပါ။
Amazon ရဲ့ နည်းပညာမြင့် လက်ဖတ် Scanner တွေဟာ စမတ်ဖုန်းတွေမှာပါတဲ့ လက်ဗွေရာဆန်ဆာထက် ပိုအဆင့်မြင့်ပါတယ်။ လက် တကယ် ထိစရာ မလိုဘဲ Computer Vision နဲ့ Depth Geometry နည်းပညာတို့ကို အသုံးပြုပြီး၊ လက်ကောက်ဝတ်ကနေ လက်ချောင်း ၅ ချောင်းလုံးရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစားတို့ကို စစ်ဆေးခွဲခြားပေးမှာပါ။
ပိုင်ရှင်မှန်ကန်ကြောင်း အတည်ပြုပြီးတာနဲ့ အသင့်ချိတ်ဆက်ထားတဲ့ ခရက်ဒစ် ကတ်ထဲကနေ ငွေဖြတ်သွားမှာ ဖြစ်ပါတယ်။ Amazon Prime အကောင့်ရှိသူတွေအနေနဲ့ Whole Foods ဆိုင်တွေမှာ လက်ကို စကင်တခါ ဖတ်ပြီး၊ ခရက်ဒစ်ကတ် ချိတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖုန်းတောင် ယူလာစရာ မလိုဘဲ လက်ဗလာသက်သက် လာဝယ်နိုင်မှာပါ။
ကတ်နဲ့ ငွေပေးချေမှုစနစ်ဟာ ၃ စက္ကန့်၊ ၄ စက္ကန့်လောက် ကြာမြင့်တတ်ပေမယ့် Amazon ရဲ့ လက်ငွေချေစနစ်ကတော့ ၃၀၀ မီလီစက္ကန့်အတွင်းပဲ ကြာမယ်လို့ ဒီပရောဂျက်နဲ့ ရင်းနှီးသူတဦးက ပြောပြခဲ့ပါတယ်။
လက်နဲ့ ငွေပေးချေနိုင်တဲ့စနစ်ကို Whole Foods ဆိုင်အနည်းငယ်မှာ လာမယ့်နှစ် အစပိုင်းထဲ စတင် တပ်ဆင်ပေးသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ နောက်ပိုင်း အမေရိကန်နိုင်ငံက စူပါမားကတ်တိုင်းမှာ တပ်ဖို့ စီစဉ်ထားပါတယ်။
Ref: Engadget, NY Post
You may also like these stories:
BBC က “Beeb” အမည်ရ ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခု ထုတ်ပေးမည်
3D ပုံရိပ်တွေ ရိုက်ကူးနိုင်တဲ့ Snap Spectacles 3 နေကာမျက်မှန်ကို မိတ်ဆက်
ဖုန်းနဲ့ တက်ဘလက်အသွင် ပြောင်းနိုင်တဲ့ IBM ခေါက်ချိုး စမတ်နာရီ
ငွေရှင်းစဉ် ပစ္စည်းခိုးယူမှု မဖြစ်ရန်အတွက် AI ကင်မရာတွေကို Walmart အသုံးပြုမည်
အအိပ်အစား မက်နေပါက ဓာတ်လိုက်စေမယ့် လက်ပတ်ကို Amazon စတင်ရောင်းချ