USB အကောင်အထည်ဖော်ရေး ဖိုရမ် (USB Implementers Forum) က မျိုးဆက်သစ် USB 4 အတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက် စံနှုန်းတွေကို အပြီးသတ် ချမှတ်ပြီးပြီ ဖြစ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
ဒီသတ်မှတ်ချက် စံနှုန်းတွေကို ဒီဇိုင်နာ၊ အင်ဂျင်နီယာနဲ့ ပစ္စည်းထုတ်လုပ်သူတွေထံ မကြာခင် ပေးပို့သွားမှာပါ။ ဒါကြောင့် သိပ်မကြာခင် အချိန်အတွင်း USB 4 ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။ အစောဆုံး ၂၀၂၀ လောက်မှာ စတင်မြင်တွေ့နိုင်ပါတယ်။
Universal Serial Bus (USB) ဆိုတာ နည်းပညာပစ္စည်းတွေ အချင်းချင်း ပါဝါထောက်ပံ့မှု၊ ဆက်သွယ် ချိတ်ဆက်မှုတွေ လုပ်ဆောင်ဖို့အတွက် ကေဘယ်ကြိုး၊ Connector နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စံနှုန်းတခု ဖြစ်ပါတယ်။ USB 1.0၊ 2.0၊ 3.0 စတဲ့ USB စံနှုန်းအဆက်ဆက်ကို USB-IF အဖွဲ့အစည်းကပဲ ဦးဆောင် အကောင်အထည်ဖော်ပေးနေတာပါ။
ယခု USB 4 မှာတော့ နာမည်ပေးပုံလည်း အနည်းငယ် ပြောင်းသွားပါတယ်။ USB နဲ့ နံပါတ်ကြားထဲမှာ မခြားတော့ဘဲ “USB4” လို့ ပြောင်းလိုက်တာပါ။ သိပ်လည်း မကွာတာကြောင့် ပိုရှင်းအောင် USB 4 လို့ပဲ ဆက်သုံးသွားပါမယ်။
Intel က ၎င်းရဲ့ Thunderbolt 3 နည်းပညာကို USB Promoter Group အတွက် လိုင်စင်ကြေးအခမဲ့နဲ့ ထုတ်ပေးခဲ့တာကြောင့် အခုလာမယ့် USB 4 မှာ သိသိသာသာ မြန်နှုန်းတိုးတက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ USB Promoter Group ထဲမှာ Apple ၊ HP ၊ Intel ၊ Microsoft နဲ့ Texas Instruments စတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်ပါတယ်။
ဒါကြောင့် MacBook Pro နဲ့ အခြား နည်းပညာမြင့်ပစ္စည်းတွေမှာ လက်ရှိ အသုံးပြုလျက်ရှိတဲ့ Thunderbolt 3 အတိုင်း USB 4 မှာလည်း 40Gbps အထိ မြန်နှုန်းအထိ ရရှိမှာပါ။ လက်ရှိ USB 3 ထက် မြန်နှုန်း ၂ ဆ တိတိ ပိုများသွားပါတယ်။
ဒါ့အပြင် USB 2.0 သုံးထားတဲ့ ပစ္စည်းအဟောင်းတွေကိုလည်း USB 4 Ports အသစ်တွေမှာ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ USB 4 စံနှုန်းမှာ အထက်၊အောက် ပြောင်းစရာမလိုဘဲ တပ်သုံးနိုင်တဲ့ USB-C Connectors အသစ်တွေ မဖြစ်မနေ သုံးရမှာပါ။ ဒါကြောင့် Type-C မဟုတ်တဲ့ ပစ္စည်းတွေနဲ့ သုံးချင်ရင်တော့ ကြားခံ ချိတ်ဆက်ပစ္စည်းတွေ လိုပါလိမ့်မယ်။
ကြိုးတကြိုးတည်းနဲ့ ပါဝါ၊ ဒေတာ၊ ဗီဒီယိုလှိုင်းတွေကို ပေးပို့နိုင်တဲ့ စွမ်းဆောင်ရည်ကို USB 3 မှာ စတင် ထည့်ပေးခဲ့ပါတယ်။ အသုံးပြုတဲ့ပုံပေါ် မူတည်ပြီး တခါတလေ တမျိုးပဲ သုံးနိုင်တာ ဒါမှမဟုတ် မြန်နှုန်းကျသွားတာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ USB 4 မှာတော့ Bandwidth ခွဲပေးမှု ပိုကောင်းလာတာကြောင့် တပြိုင်တည်း ဒေတာ အကူးအပြောင်း၊ ဗီဒီယို ထုတ်လွှတ်မှုတွေ ပိုကောင်းလာမယ်လို့ ဆိုပါတယ်။
ကွန်ပျူတာမှာ ကေဘယ်တကြိုးတည်းနဲ့ Hub ကနေတဆင့် နောက်ထပ် GPU တလုံး ထပ်ပေါင်းသုံးတာ၊ 4K မော်နီတာ အများအပြား ချိတ်သုံးတာတွေကို စွမ်းဆောင်ရည် အပြည့် လုပ်နိုင်မှာပါ။
နောက်ဆုံး သတင်းကောင်းတခုကတော့ USB 4 မှာ အားသွင်းနှုန်းလည်း ပိုမြန်လာမှာပါ။ USB Power Delivery စံနှုန်းကို အသုံးပြုပြီး အမြင့်ဆုံး 100W နှုန်းအထိ အားသွင်းနိုင်မယ်လို့ သိရပါတယ်။ USB 4 နဲ့ပတ်သတ်တဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ကျင်းပမယ့် USB Developer Days ညီလာခံမှာ ကြေညာဖို့ ရှိပါတယ်။
Ref: Gizmochina, Android Authority
You may also like these stories:
Display အပေါက်နဲ့ Huawei Nova 4 စမတ်ဖုန်း ထွက်ရှိ
လက်နဲ့ ငွေပေးချေနိုင်တဲ့ စနစ်ကို Amazon စမ်းသပ်လျက်ရှိ