အချိန်တိုအတွင်း အာရှ စမတ်ဖုန်းဈေးကွက်မှာ နာမည် အခိုင်အမာ ရယူနိုင်ခဲ့တဲ့ Realme အမှတ်တံဆိပ်က “Realme Q” ဆိုတဲ့ စမတ်ဖုန်း အသစ်တလုံးကို မိခင် တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။ သတင်းတွေ ထွက်ခဲ့သလိုပဲ လွန်ခဲ့တဲ့လက အိန္ဒိယမှာ ရောင်းချပေးခဲ့တဲ့ Realme 5 Pro ကိုပဲ တရုတ်ဈေးကွက်အတွက် နာမည်ပြောင်းပြီး ထုတ်ပေးလိုက်တာပါ။
Realme Q မှာ ၆ ဒဿမ ၅ လက်မအရွယ် IPS Full HD+ LCD မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။ စခရင်ကို 19.5:9 အချိုးအစား သုံးထားတာကြောင့် ဖုန်းကိုယ်ထည်က အနည်းငယ် ရှည်လျားမှာပါ။ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၉၀ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။
အတွင်းမှာတော့ Qualcomm ရဲ့ Octa-core Snapdragon 712 Chipset ကို တွေ့ရမှာပါ။ အနိမ့်ဆုံး 4GB RAM+64GB Storage မော်ဒယ်၊ 6GB RAM+64GB Storage မော်ဒယ်နဲ့ အမြင့်ဆုံး 8GB RAM+128GB Storage ဆိုပြီး မမ်မိုရီ မတူညီတဲ့ မော်ဒယ် ၃ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။
ကင်မရာအနေနဲ့ Realme Q စမတ်ဖုန်းမှာ ကျောကင်မရာ ၄ လုံးတွဲ သုံးပေးထားပါတယ်။ အဓိက 48MP ကင်မရာက Sony ရဲ့ IMX586 ဆန်ဆာပါ။ ကျန် ၃ လုံးကတော့ ၁၁၉ ဒီဂရီ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Depth ကင်မရာနဲ့ 2MP Macro ကင်မရာတို့ ဖြစ်ပါတယ်။
အနီးဆုံး ၄ စင်တီမီတာကနေ ဆုံချက် ဖြတ်ပေးနိုင်ပါတယ်။ အရှေ့ကင်မရာကိုလည်း Sony ရဲ့ IMX471 16MP ဆန်ဆာကို သုံးပေးထားပါတယ်။ ကင်မရာမှာ Chroma Boost ၊ Nightscape Mode ၊ EIS စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။ အမြင့်ဆုံး 4K ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ကာ၊ 960fps အနှေးပြကွက် ဗီဒီယိုတွေလည်း ရိုက်နိုင်မှာ ဖြစ်ပါတယ်။
OPPO က ကျောထောက်နောက်ခံ ပြုထားတဲ့ ကုမ္ပဏီဖြစ်တာကြောင့် Realme Q စမတ်ဖုန်းမှာ OPPO ရဲ့ Android 9 Pie စနစ်အခြေခံ ColorOS 6 ကိုပဲ အသုံးပြုပေးထားပါတယ်။ ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ HyperBoost 2.0 လုပ်ဆောင်ချက်တွေလည်း ပါဝင်လာမှာပါ။ ဒါ့အပြင် OPPO ရဲ့ 20W VOOC 3.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 4,035mAh ဘက်ထရီနဲ့ပါ။
Realme Q စမတ်ဖုန်းကို Diamond Green နဲ့ Drill Blue ဆိုပြီး အရောင် ၂ မျိုး ရရှိမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးမော်ဒယ်က ၁၄၀ ဒေါ်လာလောက် ရှိပြီး၊ အမြင့်ဆုံးယူမယ်ဆိုရင်တော့ ၂၁၀ ဒေါ်လာလောက် ကျသင့်မှာပါ။ တရုတ်နိုင်ငံမှာ Realme.com ဝက်ဘ်ဆိုဒ်ကနေ ကြိုတင် အော်ဒါမှာယူနိုင်ပြီလို့ သိရပါတယ်။
Ref: Gizmochina
You May Also Like These Stories:
Galaxy A စီးရီးရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို Samsung မိတ်ဆက်
1TB Storage ပါဝင်တဲ့ ROG Phone II Ultimate Edition ကို ကြေညာ
5G အသုံးပြုနိုင်တဲ့ Vivo iQOO Pro စမတ်ဖုန်းကို မိတ်ဆက်