ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ပြုလုပ်နေတဲ့ IFA 2019 ပွဲမှာ Sony က Xperia 1 ရဲ့ မျိုးဆက်သစ် Xperia 2 စမတ်ဖုန်းကို မိတ်ဆက်မယ်ဆိုပြီး မနေ့က သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်မိတ်ဆက်သွားခဲ့တာကတော့ Xperia 5 ပါ။ Xperia 2 မှာ ပါမယ်လို့ ကြားထားတဲ့ အချက်အလက်တွေ တော်တော်များများ Xperia 5 မှာ ပါဝင်လာပါတယ်။
Flagship ဖုန်းတလုံးဖြစ်တဲ့ Sony Xperia 5 မှာ အရင် Xperia 1 လိုပဲ ရှည်လျားတဲ့ 21:9 အချိုးအစား မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ HDR ပုံရိပ်တွေ ပြနိုင်တဲ့ ၆ ဒဿမ ၁ လက်မအရွယ် Full HD+ OLED မျက်နှာပြင်ပါ။ ဖုန်းကိုယ်ထည်က အနံ (ဗျက်) ၆၈ မီလီမီတာပဲ ရှိပါတယ်။
ကိုယ်ထည် ပါးလျကျစ်လျစ်သလို၊ အလေးချိန်လည်း ၁၄ ဂရမ်ပဲ ရှိပါတယ်။ အသုံးပြုရလွယ်အောင် အဓိကဒီဇိုင်းထုတ်ထားတယ်လို့ Sony က ပြောပါတယ်။ Xperia 5 မှာ Qualcomm Snapdragon 855 Chipset ကို အသုံးပြုထားပြီး၊ သာမန် X24 LTE Modem နဲ့ပဲ ဖြစ်ပါတယ်။ 5G ရမှာ မဟုတ်ပါဘူး။ 6GB RAM နဲ့ 128GB Storage ပါဝင်မှာပါ။ ဘက်ထရီကတော့ 3,140mAh ဘက်ထရီ ဖြစ်ပါတယ်။
ဓာတ်ပုံပိုင်းအတွက် ကျောကင်မရာ ၃ လုံးတိတိ ထည့်ပေးထားပါတယ်။ ၃ လုံးစလုံးက 12MP ဆန်ဆာတွေချည်း ဖြစ်ပါတယ်။ အဓိကကင်မရာက f/1.6 Aperture 12mm Lens နဲ့ ဖြစ်ပြီး၊ ကျန်နှစ်လုံးကတော့ 52mm f/2.4 Telescope Lens နဲ့ 16mm f/2.4 Wide-angle Lens တို့ ဖြစ်ပါတယ်။
Sony Alpha ဒီဂျစ်တယ်ကင်မရာတွေအတိုင်း ဓာတ်ပုံအရိုက်ခံသူရဲ့ မျက်လုံးကို အလိုအလျောက်ဆုံချက်ဖမ်းတဲ့စနစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP တလုံးတည်းပါ။
Xperia 5 ဖုန်းမှာ Sony ရဲ့ DualShock 4 လက်ကိုင်ဂိမ်းခလုတ်တွေလည်း အဆင်သင့် ချိတ်ကစားနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး ကွန်ရက်လိုင်း ရရှိဖို့အတွက် Deep Learning နည်းပညာကို အသုံးပြုပြီး Wi-Fi နဲ့ 4G LTE အလိုအလျောင်းပြောင်းလဲပေးနိုင်တဲ့ “Smart Connectivity” လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ အရောင် ၄ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Sony က Xperia 5 ရဲ့ ဈေးနှုန်းကိုတော့ တရားဝင် မကြေညာရသေးပါဘူး။ လာမယ့်အပတ်ထဲ ကြိုတင်အော်ဒါမှာနိုင်မယ်လို့ပဲ ပြောထားပါတယ်။ ဗြိတိန်မှာ အောက်တိုဘာ ၄ ရက်နေ့ စတင်ရောင်းချမှာပါ။ ၆၉၉ ပေါင် (၈၆၃ ဒေါ်လာ) ခန့် ကျသင့်နိုင်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက CNBC ကို ပြောကြားခဲ့ပါတယ်။
Ref: Gizmochina, CNBC
You may also like these stories:
U.S မှာ စတင်ရောင်းချသွားမယ့် Sony ရဲ့ ခွေးစက်ရုပ် ‘Aibo’
ဖုန်းဈေးကွက်မှာ Sony နဲ့ LG တို့ ရုန်းကန်နေရပြီး Huawei ဆက်လက် အတက်ပြ
င်္ကျီအိတ်ကပ်ထဲ ထည့်ယူသွားနိုင်တဲ့ လေအေးပေးစက်ကို Sony ပြသ
ကမ္ဘာ့ဈေးကွက်အများစုကနေ Sony Mobile ထွက်ခွ