48MP ကျောကင်မရာ ပါဝင်သည့် Vivo Z1x စမတ်ဖုန်းကို အိန္ဒိယတွင် မိတ်ဆက်
တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ဟာ Z စီးရီးအသစ်ကို အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ Z စီးရီးရဲ့ ပထမဆုံး မော်ဒယ်ကတော့ Vivo Z1 Pro ပါ။ မြန်မာငွေ ကျပ် ၃ သိန်းဝန်းကျင်လောက်နဲ့ ရောင်းချပေးခဲ့တဲ့ မော်ဒယ်လတ်ဖုန်းတလုံး ဖြစ်ပါတယ်။ ယနေ့မှာတော့ Vivo က Z စီးရီးရဲ့ ဒုတိယမြောက်မော်ဒယ် Z1x စမတ်ဖုန်းကို အိန္ဒိယမှာ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။
Vivo Z1x မှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Snapdragon 712 SoC ကို ဆက်လက် အသုံးပြုထားပြီး၊ အမြင့်ဆုံး 6GB RAM နဲ့ 128GB Storage ပါဝင်ပါတယ်။ Z1 Pro မှာ IPS LCD မျက်နှာပြင်ကို အသုံးပြုခဲ့ပေမယ့် ယခု Z1x မှာတော့ အရည်အသွေးပိုကောင်းတဲ့ Super AMOLED မျက်နှာပြင်ကို သုံးပေးထားတာ တွေ့ရပါတယ်။
မျက်နှာပြင်အကျယ် ၆.၃၈ လက်မ ရှိပြီး၊ Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ပါ။ AMOLED မျက်နှာပြင်ဖြစ်တာကြောင့် စခရင်အောက်လက်ဗွေရာဆန်ဆာလည်း ပါဝင်လာပါတယ်။ မျက်နှာပြင်အပေါ်က ရေစက်ပုံစံ Notch အတွင်းမှာတော့ 32MP ရှေ့ကင်မရာတလုံးကို တွေ့ရမှာပါ။
ရောင်ပြန်ဒီဇိုင်းနဲ့ ကျောဘက်ကိုယ်ထည်မှာတော့ ကင်မရာသုံးလုံးတွဲကို ဒေါင်လိုက် ထည့်သွင်းပေးထားပါတယ်။ 48MP အဓိကကင်မရာ၊ 8MP စူပါမြင်ကွင်းကျယ်ကင်မရာနဲ့ 2MP Depth ဆန်ဆာ တို့ပါ။ ကင်မရာမှာ AI လုပ်ဆောင်ချက်များစွာ ပါဝင်တယ်လို့ သိရပါတယ်။
Vivo Z1x ကို Fusion Blue နဲ့ Phantom Purple ဆိုပြီး အရောင်ဒီဇိုင်းနှစ်မျိုးနဲ့ ဝယ်ယူရရှိနိုင်မှာပါ။ ဒီဖုန်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ 22.5W FlashCharge အားအမြန်သွင်းစနစ် ပါဝင်လာတာ ဖြစ်ပါတယ်။ ကြီးမားတဲ့ 4,5000mAh ဘက်ထရီကို ၀ % ကနေ ၁၀၀ % အထိ အားအပြည့်သွင်းဖို့ ၁ နာရီလောက်ပဲ ကြာမြင့်မှာပါ။
စျေးနှုန်းအနေနဲ့ Vivo Z1x 6GB+64GB မော်ဒယ်ကို ရူပီး ၁၆,၉၉၀ သတ်မှတ်ထားပါတယ်။ အမြင့်ဆုံး 6GB+128GB မော်ဒယ် ဆိုရင်တော့ ရူပီး ၁၈,၉၉၀ ကျသင့်မှာပါ။ ယခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ ကျပ် ၃ သိန်းခွဲနဲ့ ကျပ် ၄ သိန်းခန့် လောက် ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး Flipkart နဲ့ ကုမ္ပဏီရဲ့ တရားဝင်ဝဘ်ဆိုဒ် ကနေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Ref: India Today, GSM Arena
You may also like these stories:
အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro ကို မိတ်ဆက်
5G အသုံးပြုနိုင်တဲ့ Vivo iQOO Pro စမတ်ဖုန်းကို မိတ်ဆက်
ဖိုင် အပြန်အလှန် ပေးပို့နိုင်တဲ့စနစ် ဖန်တီးရန် Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်း