Huawei ရဲ့ Flagship ဖုန်းစီးရီးအသစ် “Mate 30 Series” ကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ တရားဝင် ထုတ်ဖော်ပြသတော့မှာပါ။ မော်ဒယ်မြင့်စီးရီး ဖြစ်တာနဲ့အညီ ထူးခြားတဲ့ နည်းပညာသစ်များစွာကို တွေ့မြင်ရဖို့ ရှိပါတယ်။
ဒါပေမဲ့ မိတ်ဆက်ပွဲ မလုပ်ခင် ရက်ပိုင်းအလိုမှာ ထွက်လာတဲ့ သတင်းတခုက Mate 30 Series ကို စောင့်မျှော်နေသူတွေအတွက် အနည်းငယ် အားလျော့စရာပါ။ အမေရိကန်အစိုးရဘက်က ကုန်သွယ်ရေး ပိတ်ပင်မှုအချို့ ကျန်ရှိနေသေးတာကြောင့် Mate 30 Series မှာ Google Apps တွေ လုံးဝ ပါလာမှာ မဟုတ်ပါဘူး။ ဒီသတင်းကို Huawei ကိုယ်တိုင် အတည်ပြုပေးထားပါတယ်။
Google Apps နဲ့ Services တွေဆိုတာ Andoid စနစ်ရဲ့ အဓိက အင်္ဂါရပ်တခုလို ဖြစ်နေတာကြောင့် Mate 30 Series အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခုပါပဲ။ Google Apps ဆိုရာမှာ Google Maps၊ Gmail၊ Google Asssitant၊ Play Store စသဖြင့် ကမ္ဘာ့နေရာအနှံ့ အသုံးဝင်တဲ့ Google Apps များစွာ ပါဝင်ပါတယ်။ ဒီ Apps တွေ တခုမှ မပါလာတော့ဘူးဆိုရင် Mate 30 Series ကို လူစိတ်ဝင်စားမှု လျော့ကျသွားနိုင်ပါတယ်။
Huawei ရဲ့ ဆော့ဖ်ဝဲဌာန အကြီးအကဲဖြစ်သူ Dr. Wang Chenglu ကတော့ ကုမ္ပဏီအနေနဲ့ Google Apps နဲ့ Services တွေကို အစားထိုးနိုင်မယ့် နည်းလမ်းတွေကို အကောင်အထည် ဖော်လျက်ရှိကြောင်း ပြီးခဲ့တဲ့ IFA ပွဲမှာ ထုတ်ဖော် ပြောသွားခဲ့ပါတယ်။ GPS နဲ့ လမ်းညွှန်စနစ်တွေကိုပါ အစားထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Google Apps တွေ မပါဘူးဆိုတာကြောင့် Huawei Mate 30 Series မှာ Android စနစ်ကော ပါလာပါ့မလားလို့ တွေးပူမိကြမှာပါ။ ဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ Mate 30 ဖုန်းတွေအကုန်လုံး Android စနစ်နဲ့ပဲ ထွက်လာမှာပါ။ Android စနစ်ကိုမှ နောက်ဆုံးပေါ် Android 10 နဲ့ လာနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ကိုယ်ပိုင် HarmonyOS သုံးဦးမှာ မဟုတ်ပါဘူး။
နောက်ထပ် သတင်းကောင်းတခုကတော့ Mate 30 Series ပိုင်ရှင်တွေအနေနဲ့ Google Apps တွေကို မိမိဘာသာ ထည့်သုံးနိုင်မှာပါ။ အရင်လို ဖုန်းဝယ်ရင် တခါတည်း မပါလာတော့တာပဲ ရှိပါတယ်။ အသုံးပြုသူတွေကိုယ်တိုင် Google Apps တွေ အလွယ်တကူ ထည့်သုံးနိုင်ဖို့ နည်းလမ်းထုတ်ပေးသွားမှာ ဖြစ်ကြောင်း Huawei က ကတိပေးထားပါတယ်။
Android စနစ်ဆိုတာ လွတ်လပ်စွာ ရယူအသုံးပြုနိုင်တဲ့ Open-source စနစ် ဖြစ်တာကြောင့် “ဖြေရှင်းနိုင်မယ့် နည်းလမ်းများစွာ ရှိတယ်”လို့ Huaewi Consumer Business ရဲ့ CEO ဖြစ်သူ Richard Yu က ပြောကြားထားပါတယ်။ ပြင်ပ Developers တွေနဲ့ ပူးပေါင်းကာ အလွယ်ဆုံးနည်းလမ်းကို အဖြေရှာနေတယ်လို့ သိရပါတယ်။
အခုလို ဖုန်းကုမ္ပဏီတခုက Google Apps တွေကို ကြိုတင်မထည့်ပေးဘဲ အသုံးပြုသူတွေကိုယ်တိုင် သွင်းသုံးဖို့ ပြောတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်တုန်းကလည်း တရုတ် စမတ်ဖုန်းကုမ္ပဏီ Meizu ဟာ ဖုန်းထဲ အသင့်ပါတဲ့ App Store ကနေ အသုံးပြုသူတွေကိုယ်တိုင် Google Services တွေ ထည့်သုံးနိုင်အောင် လုပ်ပေးခဲ့ဖူးပါတယ်။
ဒီပြဿနာဟာ ပြည်တွင်း ဖုန်းဈေးကွက်မှာဆိုလည်း မဆန်းတော့တဲ့ ကိစ္စတခုပါ။ မြန်မာနိုင်ငံက အသုံးပြုသူတော်တော်များများဟာ Google Apps မပါတဲ့ တရုတ်ပြည်တွင်းသုံး စမတ်ဖုန်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ထည့်သုံးနေကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် နိုင်ငံတကာဈေးကွက်မှာတော့ Google Apps မပါတဲ့ အချက်က Mate 30 Series ရဲ့ ရောင်းအားကို ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် မကြာခင် ရောင်းချမယ့် Huawei Mate X ခေါက်ချိုးဖုန်းမှာလည်း Google Apps တွေ မပါဘူးလို့ သတင်းထွက်နေပါတယ်။
ဒီအတိုင်းဆို Huawei အနေနဲ့ ယခုနှစ်အတွင်း ရောင်းအား အလုံးရေ ၁၀ သန်းလောက် ကျဆင်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ Huawei ဘက်က ဒီအခက်အခဲကို ဘယ်လိုအကောင်းဆုံး ဖြေရှင်းပြမလဲဆိုတာ စက်တင်ဘာ ၁၈ ရက်နေ့မှာ တွေ့မြင်ရမှာပါ။
Ref: Nikkei Asian Review, Android Authority, Gizmochina
You may also like these stories:
၂၀၁၉ မှာ ပြည်ပဖုန်းရောင်းအား အလုံးရေ သန်း ၆၀ အထိ ကျသွားနိုင်ကြောင်း Huawei ခန့်မှန်း
Huawei ရဲ့ ကိုယ်ပိုင် HarmonyOS အသုံးပြုထားတဲ့ “Honor Vision” စမတ်တီဗီ မိတ်ဆက်
HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ
ကျောကင်မရာ ၄ လုံးနဲ့ ပွဲထွက်လာတဲ့ Huawei Nova 5i Pro စမတ်ဖုန်း