OPPO က A စီးရီး ဖုန်းမော်ဒယ်သစ် နှစ်မျိုး ဖြစ်တဲ့ OPPO A9 2020 နဲ့ OPPO A5 2020 တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ မကြာခင် မိတ်ဆက်ပေးသွားတော့မှာပါ။
ဒီဖုန်းနှစ်လုံးကို ဒီနေ့ခေတ် လူငယ်တွေအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားပြီး၊ ကျောကင်မရာ ၄ လုံး၊ ကြီးမားတဲ့ 5,000mAh ဘက်ထရီ၊ Dolby အသံစနစ် ပါဝင်တဲ့ စတီရီယို စပီကာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ OPPO A စီးရီး ထုံးစံအတိုင်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းချပေးသွားမှာပါ။
ဒီဖုန်းနှစ်လုံးကို ပြည်တွင်းမှာ ဘယ်နေ့ မိတ်ဆက်မလဲဆိုတာတော့ အတိအကျ မပြောထားပါဘူး။ ဒါပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ စက်တင်ဘာလ ၁၆ ရက်နေ့ မိတ်ဆက်ဖို့ စီစဉ်ထားတာကြောင့် ပြည်တွင်းဈေးကွက်မှာလည်း ရက် သိပ်မကွာလောက်ပါဘူး။
ကုမ္ပဏီရဲ့ အဆိုအရ OPPO A9 2020 နဲ့ OPPO A5 2020 မှာ နေရောင်ခြည်အောက် စာဖတ်တဲ့အခါ ထင်ရှားစွာ မြင်တွေ့နိုင်တဲ့ Sunlight Screen တွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ထို့အတူ မျက်လုံးထိခိုက်မှုကို လျော့ချပေးနိုင်တဲ့ Blue Shield Mode လည်း ပါဝင်မှာပါ။ OPPO A5 2020 ရဲ့ အချက်အလက်တွေကို မသိရသေးပေမယ့် A9 2020 အကြောင်းတော့ တစွန်းတစ သိထားပြီးပါပြီ။
OPPO A9 2020 မှာ ၆ ဒဿမ ၅ လက်မအရွယ် FHD+ အရည်အသွေးရှိတဲ့ မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ဒီဖုန်းဟာ Snapdragon 665 Chipset သုံးတဲ့ ပထမဆုံး OPPO ဖုန်း ဖြစ်လာမှာပါ။ အမြင့်ဆုံး 8GB RAM နဲ့ 128GB Storage အထိ ရရှိပါလိမ့်မယ်။ ဘက်ထရီကိုလည်း 5,000mAh အထိ ခပ်ကြီးကြီး သုံးပေးထားပါတယ်။
ကင်မရာပိုင်း ပိုမို အလေးပေးလေ့ ရှိတဲ့ လူငယ်တွေအတွက် OPPO A9 2020 မှာ အရည်အသွေးမြင့် ကျောကင်မရာ ၄ လုံးတိတိ ထည့်သွင်းပေးထားပါတယ်။ 48MP အဓိက ကင်မရာ ၁ လုံး၊ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Mono Portrait ကင်မရာ ၁ လုံးနဲ့ နောက်ထပ် 2MP Film Portrait ကင်မရာ ၁ လုံးတို့ပါ။ ကင်မရာမှာ Ultra Night Mode ညရိုက်စနစ် နဲ့ ဗီဒီယို တုန်ခါမှုထိန်း စနစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
OPPO A9 2020 ကို အနက်၊ အဖြူ၊ အပြာနဲ့ အစိမ်းဆိုပြီး သစ်လွင်တဲ့ အရောင်တွေနဲ့ ထုတ်လုပ်ရောင်းချသွားမှာပါ။ Dolby Atmos စနစ် အသုံးပြုနိုင်တဲ့ စတီရီယိုစပီကာတွေနဲ့ ဖြစ်တာကြောင့် ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်တဲ့အခါ အကောင်းဆုံး အသံထွက်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ရူပီး ၂၁,၀၀၀ လောက်နဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ကျပ် ၄ သိန်းခွဲလောက် ကျသင့်မှာပါ။
Ref: Gizmochina, Gadgets NDTV, OPPO
You may also like these stories:
4,230mAh ဘက်ထရီ ပါဝင်သည့် OPPO A5s ဖုန်းကို မြန်မာနိုင်ငံတွင် စတင် ဝယ်ယူနိုင်
ဖိုင် အပြန်အလှန် ပေးပို့နိုင်တဲ့စနစ် ဖန်တီးရန် Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်း
ဘေးပတ်လည် ကွေးနေတဲ့ “Waterfall Screen” အသစ်ကို OPPO ပြသ
Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ