တနှစ်တာအတွင်း Apple ပရိသတ်တွေ ရင်အခုန်ရဆုံးအချိန်ကို ရောက်ရှိလာပါပြီ။ နှစ်စဉ် ကျင်းပနေကျ ဖြစ်တဲ့ Apple စက်တင်ဘာပွဲကို ယနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း Apple ရဲ့ မျိုးဆက်သစ် iPhone မော်ဒယ်တွေကို ဒီညပွဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။ iPhones အသစ်တွေအပြင် Apple Watch၊ Apple TV၊ ဆော့ဖ်ဝဲအသစ် စသဖြင့် Apple ထုတ်ကုန်သစ်များစွာလည်း မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။
၁။ iPhone အသစ်များ
စက်တင်ဘာလဆိုတာ iPhone အသစ် မိတ်ဆက်ပွဲလို့ လူသိများပါတယ်။ ဒီနှစ်မှာလည်း အစဉ်အလာမပျက် iPhone မော်ဒယ်သစ်တွေကို တွေ့မြင်ရမှာပါ။ iPhone 11 Pro၊ iPhone 11 Pro Max နဲ့ iPhone 11 ဆိုပြီး စုစုပေါင်း iPhone မော်ဒယ်သစ် ၃ မျိုး ကြေညာနိုင်ပါတယ်။ မနှစ်က မိတ်ဆက်ခဲ့တဲ့ iPhone XS၊ XS Max နဲ့ XR တို့ နေရာ အစားဝင်မယ့် မျိုးဆက်သစ် iPhone တွေပါ။
မော်ဒယ်နံပါတ်တွေ ပြောင်းသွားပေမယ့် ယခုနှစ် iPhone တွေဟာ ဒီဇိုင်းပိုင်းအရ သိပ်ပြောင်းလဲဖို့ မရှိပါဘူး။ iPhone XS မျိုးဆက်ရဲ့ ဒီဇိုင်းပုံစံကိုပဲ အဓိက ပြန်လည် အသုံးပြုထားပြီး၊ အရွယ်အစားကအစ မပြောင်းမလဲ ထွက်လာမှာပါ။ Specs (A13 Chip အသစ်) နဲ့ ကင်မရာပိုင်းပဲ အဆင့်မြှင့်တင်ပေးထားတယ်လို့ သိရပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာ၊ 5G စတဲ့ အဓိက Upgrade တွေကိုတော့ နောက်နှစ်မော်ဒယ်တွေကျမှ တွေ့ရမှာပါ။
iPhone 11 Pro နဲ့ iPhone 11 Pro Max မှာ အရင်ဒီဇိုင်းကိုပဲ ပြန်လည်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Notch ဒီဇိုင်းတွေကအစ ပြောင်းမှာ မဟုတ်ပါဘူး။ ရိုးရိုး Pro မော်ဒယ်က ၅ ဒဿမ ၈ လက်မ OLED Display နဲ့ ဖြစ်ပြီး၊ iPhone 11 Pro Max မှာတော့ ပိုမိုကြီးမားတဲ့ ၆ ဒဿမ ၅ လက်မ OLED ကို အသုံးပြုထားပါတယ်။ ဒီဇိုင်း မပြောင်းပေမယ့် အရောင်သစ် ၂ ရောင်လောက်တော့ ထွက်လာနိုင်ပါတယ်။
အဓိက ပြောင်းလဲမှုကတော့ ကင်မရာပါ။ လေးထောင့်ပုံစံ ကင်မရာ အစိတ်အပိုင်းအတွင်းမှာ ကင်မရာ ၃ လုံးတွဲစနစ်အသစ်ကို တွေ့မြင်ရဖို့ ရှိပါတယ်။ တတိယမြောက် ကင်မရာက AR လုပ်ဆောင်ချက်တွေအတွက် 3D Sensor ဖြစ်နိုင်ပါတယ်။ ကင်မရာအသစ်တွေက ရုပ်ထွက်အရည်အသွေး ပိုမြင့်လာပြီး၊ အလင်းနည်းတဲ့အချိန်မှာလည်း ပုံထွက်ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုပိုင်းလည်း ပိုကောင်းလာဖို့ ရှိပါတယ်။
ဒီနှစ် iPhone တွေမှာ Face ID နည်းပညာကိုလည်း အဆင့်မြှင့်တင်ပေေးထားပါတယ်။ ဖုန်းကို လဲလျက်ထားချိန်မှာတောင် Face ID သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ ကောလာဟလတွေအရ Apple ရဲ့ အမှတ်သညာဖြစ်တဲ့ Lightning Port တွေအစား USB-C Port တွေကို ပြောင်းသုံးသွားနိုင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ USB-C သုံးမယ်ဆိုတဲ့သတင်းက နှစ်တိုင်းလိုလို ထွက်နေကျ ဖြစ်တော့ သိပ်တော့ မထင်ပါဘူး။ Samsung နဲ့ Huawei ဖုန်းအသစ်တွေလိုပဲ တခြားဖုန်းကို ကြိုးမဲ့ အားပြန်သွင်းပေးနိုင်တဲ့ Reverse Wireless Charging နည်းပညာလည်း ပါလာဖို့ ရှိပါတယ်။ Apple Watch၊ AirPods နားကြပ်တွေကို iPhone ပေါ်တင်ပြီး ကြိုးမဲ့အားသွင်းနိုင်လာမှာပါ။
၂။ Apple Watch အသစ်
iPhone အသစ်နဲ့အတူ Apple Watch အသစ် ပါလာနေကျဆိုတော့ ဒီနှစ်ပွဲမှာလည်း Apple Watch အသစ်ကို မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ Apple Watch Series 5 ဆိုပြီး မျိုးဆက်သစ် ထုတ်မယ့်အစား Apple Watch Series 4 ကိုပဲ ဘော်ဒီ ကိုယ်ထည်ပြောင်းပြီး ထုတ်နိုင်ပါတယ်။ ကြွေ ဒါမှမဟုတ် တိုက်တေနီယမ်နဲ့ ပြောင်လက်လက် ဗားရှင်းတွေ ထွက်လာမှာပါ။ Apple အာရုံစိုက်လုပ်နေတဲ့ WatchOS 6 ကိုလည်း ဒီပွဲမှာ စတင်မိတ်ဆက်ပေးနိုင်ပါတယ်။
၃။ Apple ခြေရာခံ ရှာဖွေရေးစက် (Apple Tag)
ဒီပစ္စည်းကတော့ Apple ထုတ်ကုန်အသစ် ဖြစ်မှာပါ။ iOS 13 Internal Builds က Code တွေထဲမှာ B389 လို့ လှို့ဝှက်နာမည် ပေးထားတဲ့ ခြေရာခံ ပစ္စည်းအသစ်တမျိုးကို တွေ့ခဲ့ရပါတယ်။ Apple ရဲ့ Find My App အသစ်နဲ့ တွဲဖက် အသုံးပြုနိုင်မယ့် ပစ္စည်းတခုလို့ ယူဆရပါတယ်။
Tile ခြေရာခံစက်လိုပဲ Bluetooth နဲ့ အလုပ်လုပ်မှာပါ။ ဒီစက်လေး တပ်ထားမယ်ဆိုရင် ပျောက်သွားတဲ့ ပစ္စည်းတွေကို Bluetooth အကွာအဝေး အတိုအတွင်း ခြေရာခံ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် တကမ္ဘာလုံးက iPhone အသုံးပြုသူတွေရဲ့ ကွန်ရက်ကို အသုံးပြုပြီး နေရာအနှံ့ ရှာနိုင်မယ်လို့လည်း သိထားရပါတယ်။
၄။ 10.2-inch iPad
ဒီသတင်းကတော့ ရင်ခုန်စရာအကောင်းဆုံးပါ။ တန်ဖိုးနည်း iPad မော်ဒယ်အသစ်တလုံးကို ယနေ့ညပွဲမှာ မိတ်ဆက်ပေးမယ်ဆိုပြီး သတင်းထွက်နေပါတယ်။ ၉ ဒဿမ ၇ လက်မ iPad နေရာမှာ အစားထိုးမယ့် မော်ဒယ်ပါ။ ၁၀ ဒဿမ၂ လက်မအရွယ် မျက်နှာပြင်၊ Apple ကိုယ်တိုင်ထုတ် A13 Chip အသစ်နဲ့ ထွက်လာနိုင်ပါတယ်။
၅။ Apple Services
Apple ဟာ အခုနောက်ပိုင်းမှာ လစဉ်ကြေး ဝန်ဆောင်မှုတွေကို အားစိုက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းတုန်းကလည်း Apple TV Plus၊ Apple Arcade စတဲ့ လစဉ်ကြေး ဝန်ဆောင်မှုအသစ်များစွာကို မိတ်ဆက်ပေးထားပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဒီဝန်ဆောင်မှုတွေနဲ့ ပတ်သတ်တဲ့ အရေးကြီး အချက်အလက်အချို့ကို မသိရသေးပါဘူး။ ဘယ်အချိန် ထွက်လာမလဲ၊ ဘယ်လောက်ပေးရမလဲ စသဖြင့် သတင်းတွေကို ဒီပွဲမှာ ကြေညာပေးနိုင်ပါတယ်။
၆။ 16-inch MacBook Pro
Apple က ၁၆ လက်မ MacBook Pro အသစ်တလုံး ထုတ်နေတယ်လို့ ကြားထားရပါတယ်။ လက်ရှိ MacBook Pro ဒီဇိုင်းတွေထဲက လုံးဝ ကွဲထွက်ထားတဲ့ ဒီဇိုင်းအသစ်နဲ့ ထွက်ရှိလာမှာပါ။ ဒါပေမဲ့ Mac နဲ့ iPad တွေကို အောက်တိုဘာပွဲကျမှ မိတ်ဆက်လေ့ရှိ တာကြောင့် ဒီပွဲမှာ မြင်ရဖို့တော့ သိပ်မသေချာပါဘူး။
၇။ One More Thing
ဟိုးအရင် Steve Jobs ခေတ်ကတည်းက Apple ပွဲတွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ကြေညာချက် တခု ရှိပါတယ်။ One More Thing လို့ ပြောပြီး ကြေညာလေ့ရှိတဲ့ မထင်မှတ်ထားတဲ့ ထုတ်ကုန် အသစ်ပါ။ နှစ်ရှည်လများ ကောလာဟလ ထွက်နေခဲ့တဲ့ Apple AR မျက်မှန်ကိုပဲ တွေ့ရမလား ဒါမှမဟုတ် ဈေးပိုသက်သာတဲ့ HomePod စပီကာအသစ်ကို တွေ့ရမလား စောင့်ကြည့်ရမှာပါ။ မထုတ်တော့ဘူးလို့ ပြောထားတဲ့ AirPower အားသွင်းစက်ကို မထင်ထားဘဲ ပြန်ကြေညာမလား ဘာမဆို ဖြစ်နိုင်ပါတယ်။
ယနေ့ည iPhone သစ် မိတ်ဆက်ပွဲကို ပထမဆုံးအကြိမ်အဖြစ် YouTube ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲမှာ ပွဲစတင်ဖွင့်လှစ်သွားမှာပါ။
Ref: Digital Trends
You May Also Like These Stories:
iPhone 11 ကနေ Apple Watch နဲ့ AirPods တို့ကို ကြိုးမဲ့အားသွင်းနိုင်မည်
ကြိုးမဲ့အားသွင်းနိုင်တဲ့ နားကြပ်ဘူးနဲ့ AirPods အသစ်ကို Apple မိတ်ဆက်