ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ နည်းပညာအမြင့်ဆုံး အားကစားပြိုင်ပွဲတပွဲ ဖြစ်လာမှာပါ။ စက်ရုပ်၊ မောင်းသူမဲ့ကား စတဲ့ ခေတ်မီနည်းပညာများစွာကို ဒီပွဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။
ယနေ့မှာ ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Intel ကလည်း တိုကျိုအိုလံပစ်အတွက် နည်းပညာထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဝန်ထမ်းတွေသာမက၊ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေကိုပါ နည်းပညာတွေ ထောက်ပံ့ပေးသွားမှာပါ။
3D အားကစားသမားခြေရာခံစနစ် (3D Athlete Tracking)၊ VR Training စတဲ့ Intel နည်းပညာသစ်များစွာကို အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။
3D Athlete Tracking (3DAT)
၂၀၂၀ အိုလံပစ်ပြိုင်ပွဲရဲ့ ပွဲကြည့်ရှုမှုပုံစံကို ပိုမိုကောင်းမွန်အောင် လုပ်ပေးဖို့ Intel က ကြိုးစားလျက်ရှိပါတယ်။ 3DAT လို့ ခေါ်တဲ့ အားကစားသမားခြေရာခံစနစ် ပါဝင်တဲ့ နည်းပညာတွေကို တပ်ဆင်ပေးသွားမှာပါ။ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ ကွန်ပျူတာ အမြင်အာရုံပိုင်းဆိုင်ရာ နည်းပညာ (Computer Vision) တို့ကို အသုံးပြုပြီး ပွဲကြည့် ပရိတ်သတ်တွေအနေနဲ့ ယှဉ်ပြိုင်မှုတွေကို ပိုမိုသက်ဝင် ခံစားနိုင်အောင် လုပ်ပေးသွားမှာပါ။
3DVAT မှာ အထက်အောက်၊ ဘယ်ညာ လှည့်ရိုက်နိုင်ပြီး၊ လျင်မြန်စွာ ရွေ့လျားနိုင်တဲ့ အထိုင်တပ် ကင်မရာ ၄ ခုကို အသုံးပြုပြီး အားကစားသမားတွေရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ လှုပ်ရှားမှုတို့ကို လိုက်လံ ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရရှိလာတဲ့ ဒေတာ အချက်အလက်တွေကို Intel Xeon Processors တွေ အသုံးပြုပြီး၊ ကွန်ပျူတာ အယ်ဂရစ်သမ် စနစ်နဲ့ စွမ်းဆောင်ရည် တွက်ချက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနည်းအားဖြင့် အပြေးပြိုင်ပွဲတွေမှာ အပြေးသမားတွေရဲ့ အလျင်နှုန်းကို အချိန်နဲ့တပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဒေတာကို တိုက်ရိုက် ထုတ်လွှင့်ပြသမှုမှာ ရောင်စုံကာလာအဖြစ် ထည့်သွင်းဖော်ပြနိုင်တာကြောင့် ပွဲကြည့် ပရိတ်သတ်တွေအနေနဲ့ အပြေးသမား တဦးချင်းစီရဲ့ မြန်နှုန်းနဲ့ စွမ်းဆောင်ရည်တို့ကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
VR Training
Intel ဟာ Virtual Reality လို့ ခေါ်တဲ့ ပကတိယောင် နည်းပညာကိုလည်း တိုကျိုအိုလံပစ်မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဓိက ပြိုင်ပွဲအခမ်းအနားတွေကို တာဝန်ယူထားရတဲ့ ပွဲစီစဉ်သူတွေကို VR နည်းပညာနဲ့ ကြိုတင် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
Intel Xeon နဲ့ Core Processors တွေ အသုံးပြုထားတဲ့ VR လေ့ကျင့်ရေး စနစ်ကြောင့် ပြိုင်ပွဲရဲ့ ကုန်ကျစရိတ်ကို လျော့ချပေးနိုင်မယ်လို့ သိရပါတယ်။ ပွဲဖြစ်မြောက်ရေး တာဝန်ခံတွေအနေနဲ့လည်း ဖြစ်လာနိုင်တဲ့ ပြဿနာ အဝဝကို VR နည်းပညာနဲ့ ကြိုတင်လေ့ကျင့် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
Intel True VR
ပြီးခဲ့တဲ့ ၂၀၁၈ ပြုံယမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ Intel က VR နည်းပညာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ယခုလာမယ့် အိုလံပစ်မှာလည်း Intel True VR နည်းပညာကို ဆက်လက် အသုံးပြုပေးသွားမှာပါ။ တကမ္ဘာလုံးက ပွဲကြည့် ပရိတ်သတ်တွေအနေနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အားကစားနည်းပေါင်းစုံနဲ့ ပြိုင်ပွဲကျင်းပရာ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှုသလို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။
မိမိနှစ်သက်ရာ ကင်မရာရှုထောင့်ကိုပါ ပြောင်းကြည့်လို့ ရတာကြောင့် မြင်ကွင်းကွယ်သွားတာတွေ မရှိဘဲ အသေးစိတ် လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
NeoFace
NEC Facial Recognition က နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီကို “NeoFace” လို့ ခေါ်တဲ့ မျက်နှာဖတ် နည်းပညာစနစ်တမျိုး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်မှာ Intel ရဲ့ Core i5 Processors တွေကို အသုံးပြုပြီး အားကစားသမား၊ ပါဝင်ကူညီသူ၊ မီဒီယာနဲ့ ဝန်ထမ်းပေါင်း ၃ သိန်းကျော်ရဲ့ မျက်နှာကို စစ်ဆေးဖတ်ရှုပေးမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပရာ အဆောက်အဦတွေထံ ဝင်ရောက်တဲ့အခါ မိမိမျက်နှာနဲ့တင် အတည်ပြု ဝင်ရောက်နိုင်တာကြောင့် အချိန်ကုန်၊ လူပင်ပန်း သက်သာစေမှာပါ။
Esports
Intel World Open Esports ပြိုင်ပွဲကို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ မကျင်းပမီ အချိန်အတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Capcom ရဲ့ Street Fighter V ဂိမ်း နဲ့ Psyonix ရဲ့ Rocket League ဂိမ်းတွေကို ပါဝင်ယှဉ်ပြိုင်ရမှာပါ။ ၂၀၂၀ အစပိုင်းမှာ အွန်လိုင်းကနေ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြု အသင်းမှာ ပါဝင်ခွင့်ရဖို့ စိတ်ဝင်စားတဲ့ ကစားသမားတိုင်း စာရင်းပေးသွင်းနိုင်ပါတယ်။ အရည်အချင်း သတ်မှတ်ထားခြင်း မရှိပါဘူး။
Ref: First Post, Intel, YouTube
You may also like these stories:
တိုကျို အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ပွဲတွင် တိုယိုတာ မောင်းသူမဲ့ ကားတစီး လိုက်ပါမည်
၂၀၂၀ အိုလံပစ်ပြိုင်ပွဲအတွက် အကူစက်ရုပ်တွေကို ဂျပန် ပြသ