ဈေးကွက် ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဒီနေ့ခေတ်မှာ စမတ်ဖုန်း ကုမ္ပဏီတိုင်းလိုလို သူ့ထက်ငါ ပိုမို ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို အပြိုင်အဆိုင် ဖန်တီးလျက် ရှိပါတယ်။
အခုဆို Samsung နဲ့ Huawei က ကိုယ်ပိုင်ခေါက်ချိုးဖုန်းတွေ မိတ်ဆက်ပြီးပြီဆိုတော့ တခြား ကုမ္ပဏီတွေလည်း နောက်ကျ မကျန်ရစ်အောင် ကိုယ်တိုင် ထုတ်နိုင်ဖို့ လုပ်နေကြပါပြီ။ ဒီထဲမှာ တောင်ကိုရီးယားအခြေစိုက် LG Electronics လည်း ပါဝင်ပါတယ်။
နောက်ဆုံး ရရှိထားတဲ့ သတင်းတခုအရ LG ဟာ လက်ရှိ ခေါက်ချိုးဖုန်းတွေနဲ့ မတူဘဲ ထူးခြားတဲ့ ဖုန်းတမျိုးကို ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မျက်နှာပြင်ကို နှစ်ဖက်ခေါက်ရတဲ့ ဖုန်းမျိုး မဟုတ်ဘဲ စာရွက်လို မျက်နှာပြင် လိပ်သိမ်းနိုင်တဲ့ ဖုန်းမျိုးပါ။ ကုမ္ပဏီရဲ့ မူပိုင်ခွင့် လျှောက်လွှာထဲမှာ အဆိုပါ ဒီဇိုင်းကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
LG ဟာ ယခု ဖုန်းဒီဇိုင်းကို ကိုရီးယား ဉာဏမူပိုင်ခွင့်ရုံး (KIPRIS) မှာ မနှစ်က အောက်တိုဘာလမှာ လျှောက်လွှာတင်ထားတာ ဖြစ်ပါတယ်။ ယခုနှစ် ဇွန်လမှာ မူပိုင်ခွင့် ကျခဲ့တာပါ။ ဖုန်းရဲ့ မျက်နှာပြင်ကို အဆုံးထိ ခေါက်ထားမယ်ဆိုရင် သာမန် စမတ်ဖုန်းတလုံး အရွယ်လောက်ပဲ ရှိမယ့် ခေါက်ချိုးဖုန်းမျိုးပါ။
ထုံးစံအတိုင်း ဒတ်ချ်အခြေစိုက် LetsGoDigital က မူပိုင်ခွင့်ပုံကြမ်းတွေကို 3D ရုပ်လုံးကြွပုံအဖြစ် အသက်သွင်းပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်က အတော် ရှည်လျားပြီး အပြီးခေါက်မယ်ဆိုရင် ဖုန်းကိုယ်ထည်ကို နှစ်ပတ် ပတ်သွားမှာပါ။ မျက်နှာပြင်ကို ဖြန့်လိုက်မယ်ဆိုရင်တေ့ တက်ဘလက် တလုံးထက်တောင် စခရင်ပိုရှည်သွားတာ တွေ့ရပါတယ်။
မျက်နှာပြင်ကို မိမိအလိုရှိသလောက်ပဲ ဖြန့်သုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ စခရင် အသုံးပြုမှု ပုံစံအပေါ် မူတည်ပြီး ဖုန်းရဲ့ ဆော့ဖ်ဝဲအသွင်အပြင် (UI) လည်း အလိုအလျောက် ပြောင်းသွားမယ့်ပုံစံပါ။ လက်ရှိဖုန်းဒီဇိုင်းမှာတော့ ဘာ ခလုတ်၊ အပေါက် တခုမှ မတွေ့ရပါဘူး။
LG နည်းတူ Samsung ကလည်း လိပ်နိုင်တဲ့ မျက်နှာပြင်နဲ့ ဖုန်းဒီဇိုင်းတခုကို မူပိုင်ခွင့် တင်ထားပါတယ်။ Samsung ဒီဇိုင်းမှာတော့ လက်ဗွေရာနဲ့တင် စခရင်ကို အလိပ်အသိမ်း ပြုနိုင်မှာပါ။ လောလောဆယ် ခေါက်ချိုးဖုန်းတောင် မတွင်ကျယ်သေးချိန်မှာ လိပ်သိမ်းနိုင်တဲ့ ဖုန်းမျိုးက အလှမ်းဝေးလွန်းတယ်လို့ ထင်စရာပါ။
ဒါပေမဲ့ Samsung နဲ့ LG ဆိုတာ ကိုယ်ပိုင် Display တွေ၊ တီဗီတွေ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတွေ ဖြစ်တာကြောင့် လျှော့တွက်လို့တော့ မရပါဘူး။ အထူးသဖြင့် LG ဆိုရင် မျက်နှာပြင် လိပ်သိမ်းထားနိုင်တဲ့ တီဗီတလုံးကို အမှန်တကယ် ထုတ်ထားပြီး ဖြစ်ပါတယ်။
ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ် – လိပ်သိမ်းနိုင်တဲ့ OLED TV ကို LG ပြသ
Ref: Gizmochina, LetsGoDigital