စက်တင်ဘာ ၁၆ ရက်နေ့မှာ Motorola က Moto E6 Plus တန်ဖိုးနည်းဖုန်းကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတခုအရ အဆိုပါပွဲမှာပဲ Motorola ရဲ့ ပထမဆုံး စမတ်တီဗီကိုလည်း မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
Motorola စမတ်တီဗီမှာ ပုံရိပ်ပြသမှု နှောင့်နှေးတဲ့ Latency ပြဿနာကို လျှော့ချပေးနိုင်တဲ့ MEMC နည်းပညာကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် Refresh Rate မြင့်သွားပြီး၊ ပိုမို ချောမွေ့မြန်ဆန်တဲ့ ရုပ်ထွက်ကို ခံစားနိုင်မှာပါ။
ရုပ်သံ ဇာတ်လမ်းတွဲတွေကို အကောင်းဆုံး ခံစားကြည့်ရှုနိုင်ရုံသာမက၊ ဂိမ်းတွေလည်း ကောင်းမွန်စွာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တခုကတော့ ဒီတီဗီကို Flipkart ဝဘ်ဆိုဒ်ကနေပဲ သီးသန့် ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ အကြောင်းကတော့ နောက်ပိုင်း Motorola အမှတ်တံဆိပ် တီဗီတွေကိုလည်း Flipkart ကပဲ တပ်ဆင်ထုတ်လုပ် ပေးသွားမှာကြောင့်ပါ။
Motorola TV မှာ Android 9 Pie TV OS ကို အသုံးပြုသွားမှာဖြစ်ပြီး၊ MediaTek Chipset နဲ့ Mali 450 GPU တို့ ပါဝင်လာမှာပါ။ သာလွန်တဲ့ အသံထွက်ကို ပေးစွမ်းနိုင်ဖို့အတွက် DTS ပတ်လည် အသံပြေးစနစ်နဲ့ Dolby အသံနည်းပညာတို့ ပါဝင်တဲ့ 30W Soundbar နဲ့ ထွက်ရှိလာမှာပါ။ Motorolga အမှတ်တံဆိပ်ကို Soundbar ရဲ့ အလယ်တည့်တည့်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
တီဗီရဲ့ ပတ်လည် ဘောင်သုံးဘောင်က သေးငယ်ပြီး၊ မျက်နှာပြင်အပြည့် ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ တီဗီရဲ့ အခြား အချက်အလက်တွေကိုတော့ လှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အပေါ်က အချက်တွေကို ကြည့်ရုံနဲ့ Motorola တီဗီရဲ့ ဈေးနှုန်းကတော့ မနည်းလောက်ဘူးဆိုတာ ခန့်မှန်းနိုင်ပါတယ်။
Flipkart အွန်လိုင်း အရောင်းဝဘ်ဆိုဒ်ကလည်း စက်တင်ဘာ ၂၉ ရက်နေ့မှာ အရောင်းပွဲတခု လုပ်ဖို့ ရှိတာကြောင့် အဆိုပါပွဲမှာ Motorola စမတ်တီဗီကို စတင်ရောင်းချပေးသွားဖို့ ရှိပါတယ်။
Ref: Gizmochina
You may also like these stories:
အက်ရှင် ကင်မရာပါဝင်တဲ့ Motorola One Action စမတ်ဖုန်းကို မိတ်ဆက်
ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola
Moto Mods တပ်ဆင် အသုံးပြုနိုင်တဲ့ Motorola Moto Z4 ဖုန်းကို မိတ်ဆက်