အိန္ဒိယဈေးကွက်မှာ တလကို ဖုန်းမော်ဒယ် အသစ်တမျိုး ပုံမှန် မိတ်ဆက်ပေးနေတဲ့ Realme က ဒီနေ့မှာလည်း “Realme XT” ဆိုတဲ့ ဖုန်းတလုံးကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။
ကျောကင်မရာ ၄ လုံး၊ မျက်နှာပြင်အောက်လက်ဗွေရာ ဆန်ဆာ၊ 20W အားအမြန်သွင်းစနစ် စတဲ့ အမြင့်စားစွမ်းဆောင်ရည်တွေ ပါဝင်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ၃ သိန်းခွဲလောက်နဲ့ ရောင်းချပေးသွားမှာပါ။
ဒီဇိုင်းပိုင်းအရ Realme XT ဖုန်းဟာ အရင်မော်ဒယ်တွေနဲ့ မတူဘဲ ကွဲထွက်နေမှာပါ။ Realme ဖုန်းတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် ဖန်သားကျောကိုယ်ထည်ကို စတင် အသုံးပြုပေးထားပါတယ်။ အလင်းကျတဲ့ပုံစံအလိုက် အရောင်နဲ့ ပုံစံပြောင်းလဲသွားမယ့် မျဉ်းကွေးဒီဇိုင်း ဖော်ထားတာက အမြင်တမျိုး ဆန်းနေမှာပါ။
ဖုန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ ကျောကင်မရာ ၄ လုံးတိတိ ပါဝင်တာ ဖြစ်ပါတယ်။ အဓိက ကင်မရာကလွဲလို့ ကျန် ကင်မရာ ၃ လုံးက အရင် Realme 5 Pro အတိုင်း ဖြစ်ပါတယ်။ Realme XT မှာတော့ Samsung ရဲ့ ISOCELL GW1 ဆန်ဆာနဲ့ 64MP အဓိက ကင်မရာကို ပြောင်းသုံးထားတာပါ။
ကျန် ၃ လုံးကတော့ 8MP မြင်ကွင်းကျယ်ဆန်ဆာ၊ 2MP Macro Lens နဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ f/2.0 Lens နဲ့ 16MP ကင်မရာပါ။
မျက်နှာပြင် အရည်အသွေး အကောင်းဆုံးကိုမှ ကြည့်ရှု ခံစားချင်သူတွေအတွက် Realme XT မှာ ၆ ဒဿမ ၄ လက်မ Super AMOLED Display ကို သုံးပေးထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဖုန်း အရှေ့၊ အနောက် နှစ်ဖက်စလုံးကို Gorilla Glass 5 အကြမ်းခံမှန်သား အုပ်ပေးထားတာကြောင့် အလွယ်တကူ ထိခိုက်ပွန်းပဲ့နိုင်မှာ မဟုတ်ပါဘူး။
အတွင်းပိုင်းအချက်အလက်တွေကတော့ Realme XT ဖုန်းနဲ့ Realme 5 Pro က သိပ်မကွာပါဘူး။ Snapdragon 712 Chipset နဲ့ ဖြစ်ကာ အမြင့်ဆုံး 8GB RAM အထိ ပါဝင်မှာပါ။ မြန်ဆန်တဲ့ UFS 2.1 Storage ကို 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
VOOC 3.0 20W အားအမြန်သွင်းစနစ် ပါဝင်ပြီး၊ 4,000mAh ဘက်ထရီကို မိနစ် ၈၀ အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ Android 9 Pie စနစ်အခြေခံ ColorOS 6.0.1 နဲ့ ထွက်ရှိလာမှာပါ။ လက်ရှိ ခေတ်စားနေတဲ့ Dark Mode၊ App Clone စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
Realme XT ဖုန်းကို လောလောဆယ် အပြာနဲ့ အဖြူရောင် နှစ်မျိုးပဲ ထုတ်လုပ်ရောင်းချသွားမှာပါ။ အနိမ့်ဆုံး 4GB RAM နဲ့ 64GB Storage မော်ဒယ်ကို ရူပီး ၁၅,၉၉၉ (ကျပ် ၃ သိန်းခွဲဝန်းကျင်) ဈေးနှုန်း သတ်မှတ်ထားပါတယ်။ အမြင့်ဆုံး 8GB RAM နဲ့ 128GB Storage မော်ဒယ် ယူမယ်ဆိုရင်တော့ ရူပီး ၁၈,၉၉၉ ( ကျပ် ၄ သိန်းခန့်) ဖြစ်သွားမှာပါ။
အိန္ဒိယနိုင်ငံရဲ့ Flipkart Website နဲ့ Realme.com တို့မှာ စက်တင်ဘာ ၁၆ ရက်၊ နေ့လယ်ပိုင်းအတွင်း စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အရင်ဆုံး ဝယ်ယူသူ ၆၄,၀၀၀ ဦးကို ၆ လတာ Screen အခမဲ့ လဲခွင့် ပေးသွားမယ်လို့ သိရပါတယ်။
Ref: GSM Arena, Gizmochina
You may also like these stories:
ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ Realme Q စမတ်ဖုန်းကို တရုတ်မှာ မိတ်ဆက်
ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ တန်ဖိုးသင့် Realme 5 စမတ်ဖုန်းကို မိတ်ဆက်
ပကတိဆန် မြင်ကွင်းတွေကို ဖော်ပြပေးနိုင်မယ့် Varjo ရဲ့ VR Headset