ပြီးခဲ့တဲ့လတုန်းက အမြည်း ပြသခဲ့တဲ့ Vivo NEX 3 စမတ်ဖုန်းကို မှတ်မိကြမယ် ထင်ပါတယ်။ ကိုယ်ထည်ဘေးနှစ်ဖက်ထိ ဖုံးအုပ်ထားတဲ့ စခရင်အပြည့် ဒီဇိုင်း၊ Pop-up ရှေ့ကင်မရာတွေ ပါဝင်တဲ့ အမိုက်စား စမတ်ဖုန်းတလုံးပါ။ ဒီနေ့မှာတော့ အဆိုပါစမတ်ဖုန်းကို Vivo က တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 4G နဲ့ 5G မော်ဒယ်နှစ်မျိုး ထွက်ရှိလာမှာပါ။
Vivo NEX 3 စမတ်ဖုန်းမှာ အဓိက ထူးခြားချက်ကတော့ ကြီးမားတဲ့ “Waterfall” စခရင်အသစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ၆ ဒဿမ ၈၉ လက်မအရွယ် Super AMOLED စခရင်က ဘေးဘောင်တွေပါ ကျော်ပြီး ကိုယ်ထည် ဘေးနှစ်ဖက်အထိ ကွေးအုပ်နေမှာပါ။
ရေတံခွန်လို ၉၀ ဒီဂရီအထိ ဘေးနှစ်ဖက်ကို ကွေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ Waterfall ဒီဇိုင်းအသစ်ကြောင့် စခရင်နဲ့ ကိုယ်ထည်အချိုးအစား က ၉၉ ဒဿမ ၆ ရာခိုင်နှုန်းအထိ ဖြစ်သွားပါတယ်။ လက်ရှိ စမတ်ဖုန်းတွေထဲမှာ စခရင်အပြည့်ဆုံး ဖုန်းလို့ ခေါ်ဆိုနိုင်ပါတယ်။ သီချင်းဖွင့်ထားရင် ဒါမှမဟုတ် ဖုန်းဝင်လာရင် ရေတံခွန်ပုံစံ ကွေးညွတ်ထားတဲ့ စခရင်ဘေးစွန်းမှာ အလင်းရောင်လေးတွေ ပြေးနေမှာ ဖြစ်ပါတယ်။
ဖုန်းဘေး နှစ်ဖက်ကိုပါ အုပ်ထားတဲ့ စခရင် ဒီဇိုင်းအသစ်ကြောင့် Vivo NEX 3 ဖုန်းမှာ ခလုတ်ဆိုလို့ တခုမှ ပါလာမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား တကယ့် ခလုတ်တခုကို နှိပ်လိုက်ရသလိုမျိုး တုန်ခါမှု ပြန်ပေးနိုင်တဲ့ Touch Sense နည်းပညာကို အသုံးပြုထားပါတယ်။
Vivo NEX 3 မှာ ကျောကင်မရာ ၃ လုံးကို စက်ဝိုင်းပုံစံ ထည့်သွင်းပေးထားပါတယ်။ 64MP အဓိကကင်မရာ၊ 13MP မြင်ကွင်းကျယ်ကင်မရာနဲ့ 13MP Telephoto ကင်မရာ သုံးလုံးတွဲ ဖြစ်ပါတယ်။ 16MP ရှေ့ကင်မရာကိုတော့ ကိုယ်ထည်ထဲကနေ ထွက်လာမယ့် Pop-up ဒီဇိုင်းမျိုး ပြန်သုံးထားပါတယ်။
ဖုန်းဒီဇိုင်းက ခေတ်ရှေ့ပြေးနေသလို စွမ်းဆောင်ရည်ကလည်း ထိပ်တန်းအဆင့်ရှိပါတယ်။ သာမန်ထက် မြန်နှုန်းပိုမြင့်မားတဲ့ Snapdragon 855+ Chipset ကို အသုံးပြုထားပြီး၊ အမြင့်ဆုံး 12GB RAM အထိ ပါဝင်မှာပါ။ ဒါ့အပြင် နောက်ဆုံးပေါ် UFS 3.0 Storage ကို သုံးပေးထားတာကြောင့် ဂိမ်းတွေ Apps တွေ ဖွင့်တဲ့အခါမှာလည်း ပိုမြန်သွားမှာပါ။
ဖုန်းပါဝါတက်တာကအစ လျှပ်စီးလျက်သလို မြန်ဆန်နေမှာ ဖြစ်ပါတယ်။ Storage ကို 256GB အထိ အမြင့်ဆုံး ရပါလိမ့်မယ်။ 5G ကွန်ရက်သစ် အသုံးပြုနိုင်ဖို့အတွက် Snapdragon X50 5G Modem လည်း ထည့်ပေးထားပါတယ်။
Vivo NEX 3 မှာ ကြီးမားတဲ့ 4,500mAh ဘက်ထရီ ပါဝင်ပြီး၊ 44W Super FlashCharge အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ၊ Android 9 Pie စနစ်အခြေခံ Funtouch OS 9.1 တို့နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Vivo NEX 3 စမတ်ဖုန်းကို လာမယ့်လအနည်းငယ်အတွင်း အာရှပစိဖိတ်၊ တရုတ်အရှေ့တောင်ပိုင်းနဲ့ အခြားဈေးကွက်အချို့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းအားဖြင့် သုံးမျိုးသုံးစား ရှိမှာပါ။ 8GB RAM နဲ့ 128GB Storage ပါဝင်တဲ့ ရိုးရိုး NEX 3 4G မော်ဒယ်က ၄,၉၉၈ ယွမ် (၇၀၀ ဒေါ်လာခန့်) ရှိပါတယ်။ 5G မော်ဒယ်ကိုမှ 256GB နဲ့ ယူမယ်ဆိုရင်တော့ ၅,၆၉၈ ယွမ် (၈၁၀ ဒေါ်လာခန့်) ကျသင့်မှာပါ။
အမြင့်ဆုံး 12GB RAM နဲ့ 256GB Storage ပါဝင်တဲ့ NEX 3 5G ဆိုရင်တော့ ၆,၁၉၈ ယွမ် (၈၇၇ ဒေါ်လာခန့်) ပေးရပါလိမ့်မယ်။ ယနေ့ကစ ကြိုတင်အော်ဒါတင်ထားနိုင်ပါပြီ။ နောက် ၅ ရက်အတွင်း စတင်ရောင်းချမယ်လို့ သိရပါတယ်။
Ref: Gizmochina, The Verg, GSM Arena