ဆန်းသစ်တဲ့ မျက်နှာပြင် ဒီဇိုင်းအသစ်နဲ့ NEX 3 5G စမတ်ဖုန်းကို မိတ်ဆက်အပြီးမှာ Vivo က “Vivo Pay” အမည်ရ ကိုယ်ပိုင် ငွေပေးချေမှုစနစ်တခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ယခု ဝန်ဆောင်မှုစနစ်ကို China Mobile Alliance နဲ့ ပူးပေါင်းဖန်တီးထားပြီး၊ တရုတ်ပြည်တွင်းမှာ ယနေ့ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Vivo Pay ကို ကနဦးအဆင့်အနေနဲ့ ကုမ္ပဏီထုတ် ဖုန်းမော်ဒယ် ၇ မျိုးမှာပဲ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တရုတ်ဘဏ် ၁၈ ခုနဲ့ ချိတ်ဆက်ထားပြီး၊ နိုင်ငံတဝန်း ကိုယ်စားလှယ်ပေါင်း ၁၇ သန်းကျော် ရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
China UnionPay က Vivo ရဲ့ ပထမဆုံး ဘဏ္ဍာရေး မိတ်ဖက် ကုမ္ပဏီပါ။ အနာဂတ်မှာ နောက်ထပ် မိတ်ဖက်ကုမ္ပဏီတွေ ပိုများလာစေဖို့ ရည်ရွယ်ထားပါတယ်။ နောက်ထပ် ဝန်ဆောင်မှုစနစ်များစွာလည်း မိတ်ဆက်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
Vivo Pay မှာ မိုဘိုင်းဖုန်းငွေချေမှုစနစ်၊ ဘဏ်ကတ်ထည့်သွင်းမှုစနစ်၊ အွန်လိုင်းငွေပေးချေမှုစနစ် စတဲ့ ငွေချေစနစ်မျိုးစုံ ပါဝင်ပါတယ်။ တရုတ်နိုင်ငံက မြို့ပေါင်း ၁၇ မြို့နဲ့ ဒေသတွင်း ဘတ်စ်ကားလိုင်းပေါင်း ၉၀၀ ကျော်မှာ မိုဘိုင်းဖုန်းကနေတဆင့် ငွေပေးချေနိုင်မှာပါ။ Vivo Pay နဲ့အတူ Vivo Wallet ဆိုတဲ့ ဝန်ဆောင်မှုကိုလည်း တပါတည်း မိတ်ဆက်ပေးခဲ့ပါတယ်။
စမတ်ဖုန်းတွေပဲ အဓိကထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတခုအနေနဲ့ ဘဏ္ဍာရေးလုပ်ငန်းဆီ တိုးချဲ့ဝင်ရောက်ဖို့ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှုတခု ဖြစ်မှာပါ။ ဒါပေမယ့် Vivo လို လက်ရှိမှာတင် အသုံးပြုသူ သန်း ၂၅၀ ကျော် ရထားတဲ့ ကုမ္ပဏီကြီးတခုအတွက်တော့ စိုးရိမ်စရာမရှိပါဘူး။ များပြားတဲ့ အသုံးပြုသူအင်အားက ဘဏ္ဍာရေးလုပ်ငန်းသစ်ဆီသို့ အခြေချရာမှာ အထောက်အကူပြုမှာဖြစ်ကြောင်း ကုမ္ပဏီ ဒု-ဥက္ကဋ္ဌဖြစ်သူ Shi Yujian က ပြောကြားခဲ့ပါတယ်။
ငွေပေးချေမှုစနစ်နဲ့ ဘဏ္ဍာရေးလုပ်ငန်းထဲ ဝင်ရောက်လာတဲ့ ဖုန်းကုမ္ပဏီက Vivo အရင်ဆုံး မဟုတ်ပါဘူး။ Huawei ၊ Xiaomi ၊ Samsung ၊ Apple စတဲ့ နာမည်ကြီး ဖုန်းကုမ္ပဏီတွေကလည်း ကိုယ်ပိုင်ငွေပေးချေမှု စနစ်တွေကို မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
Ref: Gizmochina, Techgenyz
You may also like these stories:
ခလုတ်နဲ့ ဘေးဘောင် လုံးဝ မပါဝင်တဲ့ Vivo NEX 3 5G စမတ်ဖုန်းကို မိတ်ဆက်
48MP ကျောကင်မရာ ပါဝင်သည့် Vivo Z1x စမတ်ဖုန်းကို အိန္ဒိယတွင် မိတ်ဆက်
Vivo က Samsung နဲ့ လက်တွဲကာ 5G စမတ်ဖုန်းတလုံး ထုတ်လုပ်မည်