စမတ်ဖုန်းတလုံးကို အနည်းဆုံး ဒေါ်လာ ၃၀၀ လောက် ပေးမဝယ်ချင်သူတွေအတွက် Honor က “Honor Play 3e” ဆိုတဲ့ တန်ဖိုးနည်းစမတ်ဖုန်းတလုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ယခုလအစောပိုင်းတုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့တဲ့ “Honor Play 3” ရဲ့ မီနီဗားရှင်းဖြစ်ပြီး၊ ဒေါ်လာ ၁၀၀ လောက်ပဲ ကျသင့်မှာပါ။ တန်ဖိုးနည်းဖုန်းဆိုပေမယ့် ခေတ်မီတဲ့ ဒီဇိုင်း၊ သင့်တင့်တဲ့စွမ်းဆောင်ရည်တွေ ပါရှိတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။
Honor Play 3e မှာ ၅.၇၁ လက်မအရွယ် HD+ LCD မျက်နှာပြင် ပါဝင်ပြီး၊ ခေတ်မီ ရေစက်ပုံစံ Notch ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဘေးဘောင်တွေ သေးငယ်တာကြောင့် မျက်နှာပြင်ပြည့်အရသာကို ခံစားနိုင်မှာပါ။ စွမ်းဆောင်ရည်အားဖြင့်လည်း မနိမ့်တဲ့ MediaTek Helio P22 Chipset ကို အသုံးပြုထားပြီး၊ 2GB RAM နဲ့ 32GB Storage၊ 3GB RAM နဲ့ 64GB Storage ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်သွားမှာပါ။
တန်ဖိုးနည်းဖုန်းတလုံးအနေနဲ့ အားရစရာအကောင်းဆုံးအချက်ကတော့ Honor Play 3e မှာ microSD ကတ်စိုက်ဖို့ သီးသန့် အကန့်တခု ပါဝင်တာ ဖြစ်ပါတယ်။ SIM နှစ်ကတ်အပြင် microSD ကတ်တကကတ် စုစုပေါင်း သုံးကတ် ထည့်သုံးနိုင်မှာပါ။ microSD ကို အမြင့်ဆုံး 512GB အထိ ထပ်စိုက်နိုင်တာကြောင့် တန်ဖိုးနည်းဖုန်းတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ Storage မလောက်တဲ့ ပြဿနာမျိုးကို ဒီဖုန်းမှာ တွေ့ရမှာ မဟုတ်ပါဘူး။
ကင်မရာပိုင်းအနေနဲ့ Honor Play 3e မှာ 13MP ကျောကင်မရာတလုံးနဲ့ 5MP ရှေ့ကင်မရာတလုံး ပါဝင်ပါတယ်။ နောက်ဆုံးပေါ် Android 9 Pie စနစ်အခြေခံ EMUI 9.1 နဲ့ ထွက်ရှိလာမှာပါ။ ဘက်ထရီကိုလည်း မော်ဒယ်လတ်ဖုန်းတွေနဲ့ တန်းတူ 3,020mAh ဘက်ထရီကြီးကြီး သုံးပေးထားတာ တွေ့ရပါတယ်။ 4G VoLTE ၊ Bluetooth 4.2 ၊ WiFi 802.11 b/g/n၊ GPS၊ GLONASS စတဲ့ ချိတ်ဆက်မှုစနစ် အစုံအလင်ပါဝင်မှာပါ။
တန်ဖိုးနည်းဖုန်းအများစုက ဒီဇိုင်းပိုင်း သိပ်ဆွဲဆောင်မှုမရှိပေမယ့် Honor Play 3e မှာတော့ လက်ရှိမော်ဒယ်မြင့်ဖုန်းတွေလိုပဲ ဆန်းသစ်တဲ့ နှစ်ရောင်စပ်၊ အရောင်ပြေးဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒီဇိုင်းပိုင်းအရလည်း ဆွဲဆောင်မှုရှိတဲ့ တန်ဖိုးနည်းဖုန်းတလုံးပါ။
ဈေးနှုန်းအားဖြင့် 2GB+32GB မော်ဒယ်ကို ၆၉၉ ယွမ် (၉၉ ဒေါ်လာ) နဲ့ 3GB+32GB မော်ဒယ်ကို ၈၉၉ ယွမ် (၁၂၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ Huawei ရဲ့ တရားဝင်အွန်လိုင်းစတိုးဖြစ်တဲ့ VMall အပါအဝင် အခြားတရုတ်အွန်လိုင်းအရောင်းဝက်ဘ်ဆိုက်ကြီးတွေမှာ စတင်ဝယ်ယူနိုင်ပါပြီ။ အနက်၊ ရွှေရောင်နဲ့ အပြာရောင် သုံးမျိုးထဲက ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Ref: Gizmochina, GSM Arena
You may also like these stories:
HTC က Wildfire X စမတ်ဖုန်းနဲ့ အိန္ဒိယစျေးကွက်သို့ ပြန်လည်ဝင်ရောက်
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ
Huawei ရဲ့ ကိုယ်ပိုင် HarmonyOS အသုံးပြုထားတဲ့ “Honor Vision” စမတ်တီဗီ မိတ်ဆက်
တန်ဖိုးနည်း ဖုန်းမော်ဒယ်သစ် “Honor 8S” ကို မြန်မာနိုင်ငံမှာ စတင်ရောင်းချ