အကောင်းဆုံး Flagship စမတ်ဖုန်းတွေအဖြစ် နှစ်စဉ် ချီးကျုးခံခဲ့ရတဲ့ Huawei Mate Series အသစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Mate 30 နဲ့ Mate 30 Pro ဆိုပြီး မော်ဒယ်နှစ်မျိုး မိတ်ဆက်ပေးခဲ့တာပါ။ ဒီနှစ်ထွက်ရှိလာတဲ့ Mate 30 Series မှာလည်း အရင် Mate Series ထုံးစံအတိုင်း Huawei ရဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေကို တွေ့မြင်ရမှာပါ။
အဓိကအားဖြင့် ဒီဇိုင်းနဲ့ ကင်မရာတို့ကို အဓိက အဆင့်မြှင့်တင်ပေးထားပါတယ်။ အစစအရာရာ ပြည့်စုံကောင်းမွန်တဲ့ ဖုန်းစီးရီးတခုဖြစ်ပေမယ့် အားနည်းချက်တခုက Google Apps တွေ မပါဝင်လာတာပါ။ အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်းထဲ သွင်းထားဆဲဖြစ်တာကြောင့် အမေရိကန်လုပ် Google ဝန်ဆောင်မှုတွေကို Huawei ဖုန်းအသစ်တွေမှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
Huawei Mate 30 Pro
လက်ရှိ ကင်မရာဟာ့ဒ်ဝဲ အကောင်းဆုံး စမတ်ဖုန်း ဂုဏ်ပုဒ်ကို Mate 30 Pro က အလွယ်တကူ သိမ်းပိုက်သွားခဲ့ပါတယ်။ အဓိက ထူးခြားချက်ကတော့ ကျောဘက် Main Camera ကို 40MP နှစ်လုံးတွဲ သုံးထားတာပါ။ Dual Main Camera System လို့ နာမည်ပေးထားပါတယ်။
P30 Pro မှာ သုံးခဲ့တဲ့ 40MP Super Sensing ကင်မရာတလုံးအပြင် Cine Camera လို့ခေါ်တဲ့ နောက်ထပ် 40MP မြင်ကွင်းကျယ် ကင်မရာတလုံး ထပ်မံ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီကင်မရာ ၂ လုံးစလုံးက 3D ToF ဆန်ဆာ အသုံးပြုနိုင်ပြီး၊ နောက်ခံဝါးတဲ့ ဗီဒီယိုတွေပါ ရိုက်ကူးနိုင်မှာပါ။
တတိယ ကျောကင်မရာကတော့ 3x Optical Zoom နဲ့ 5x Hybrid Zoom ဆွဲရိုက်နိုင်တဲ့ 8MP ကင်မရာ ဖြစ်ပါတယ်။ တယ်လီ ကင်မရာကော၊ မြင်ကွင်းကျယ် ကင်မရာတွေမှာပါ ပုံရိပ်တုန်ခါမှု ထိန်းတဲ့စနစ် (OIS) ပါဝင်မှာပါ။ ကျောကင်မရာစနစ်ရဲ့ ဗီဒီယိုရိုက်ကူးနိုင်စွမ်းကလည်း အံ့မခန်းပါပဲ။
4K အရည်အသွေးရှိ ဗီဒီယိုတွေကို 60fps နဲ့ ရိုက်ကူးနိုင်ပြီး၊ အနှေးပြကွက်ဗီဒီယို (Slow-mo) တွေမှာ Frame rates က ပိုတောင် မြင့်တက်သွားပါတယ်။ စမတ်ဖုန်းတလုံး အနေနဲ့ မကြုံစဖူး 720p ဗီဒီယိုကို 7,680fps အထိ ရိုက်ကူးနိုင်မှာပါ။ အလင်းနည်းတဲ့ အချိန်မှာတောင် ဗီဒီယိုကောင်းစွာရိုက်နိုင်ဖို့အတွက် ISO Level ကို 52,000 အထိ မြှင့်တင်နိုင်ပါတယ်။
ဖုန်းရဲ့ ရှေ့ဘက်မှာတော့ 32MP Selfie ကင်မရာတလုံးနဲ့ 3D Scan ဖတ်တဲ့ စနစ်အသစ်တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လက်လှုပ်ရှားမှု ပုံသဏ္ဍာန်ကို ဖတ်နိုင်တဲ့ သီးသန့် ဆန်ဆာတခုလည်း ပါဝင်လာပါတယ်။ ဒီဆန်ဆာနဲ့ Huawei ကိုယ်တိုင်ထုတ် Da Vinci NPU တို့ကို တွဲဖက်ကာ အသုံးပြုသူရဲ့ ခေါင်းအနေအထားအလိုက် ဖုန်းအနေအထားကို လှည့်ပြောင်းပေးမယ့် AI Auto-Rotate စနစ်ကို ထည့်သွင်းပေးထားပါတယ်။
အရင်လို Gyro ဒါမှမဟုတ် Accelerometer ဆန်ဆာကို သုံးပြီး ဖုန်း UI အနေအထားကို ပြောင်းပေးမယ့်စနစ်ထက် စာရင် ခေါင်းအနေအထားအလိုက် ပြောင်းမယ့် ယခုစနစ်က ပိုမိုတိကျမှု ရှိမှာပါ။
စွမ်းဆောင်ရည် အားဖြင့်လည်း Mate 30 Pro ဟာ လက်ရှိမော်ဒယ်မြင့် Flagship ဖုန်းတိုင်းကို ရင်ဘောင်တန်းနိုင်ပါတယ်။ Kirin 990 Chipset အသစ်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Mali-G76 MP16 GPU တို့ ပါဝင်လာပါတယ်။ အလားတူ GPU Turbo စနစ်ကိုလည်း အဆင့်မြှင့်ပေးထားပါသေးတယ်။
Mate 30 Pro ရဲ့ အမိုက်စားအချက်တွေက ဒီမှာတင် မပြီးသေးပါဘူး။ မျက်နှာပြင်ကိုလည်း “Horizon Display” လို့ ခေါ်တဲ့ ဒီဇိုင်းအသစ်ကို သုံးပေးထားပါတယ်။ ကြီးမားတဲ့ ၆ ဒဿမ ၅၃ လက်မအရွယ် OLED မျက်နှာပြင်က ဘေးဘက်ကို ၈၈ ဒီဂရီအထိ ကွေးနေမှာပါ။ HDR နဲ့ DCI-P3 ကာလာအစုံအလင် ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် M-Pen Stylus ကိုလည်း Mate 30 Pro မှာ အသုံးပြုနိုင်ဦးမှာပါ။
မကြာခင်က ထွက်လာတဲ့ Vivo NEX 3 ဖုန်းလိုပဲ မျက်နှာပြင်က ဖုန်းဘေး ကိုယ်ထည်ကိုပါ ဖုံးနေတာကြောင့် Mate 30 Pro မှာလည်း ရိုးရိုး ဖုန်းခလုတ်တွေအစား Virtual ခလုတ်တွေ ထည့်ပေးထားပါတယ်။ အသံအတိုးအချဲ့ ခလုတ်ကနေ ကင်မရာရိုက်တဲ့ ခလုတ်ကအစ တကယ့် ခလုတ်နှိပ်သလိုမျိုး ခံစားမှုပေးနိုင်တဲ့ Touch ခလုတ်တွေ ဖြစ်နေမှာပါ။
ထုံးစံမပျက် ကြိုးမဲ့အားသွင်းစနစ်ကိုလည်း Mate 30 Pro မှာ အဆင့်မြှင့်ပေးထားပါတယ်။ 4,500mAh ဘက်ထရီကို 27W နဲ့ ကြိုးမဲ့အားသွင်းနိုင်ပါပြီ။ ကြိုးနဲ့ကတော့ 40W အားအမြန်သွင်းစနစ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား Flagship ဖုန်းတွေထက်တော့ ပိုမြန်နေဆဲပါပဲ။
5G ကွန်ရက်သစ်ကိုလည်း Mate 30 Pro မှာ အသုံးပြုနိုင်မှာပါ။ 5G မရသေးတဲ့ ဈေးကွက်တွေအတွက် 4G မော်ဒယ်သက်သက် ထုတ်ပေးဖို့ ရှိပါတယ်။ 8GB RAM ပါဝင်ပြီး၊ 128GB နဲ့ 256GB Storage နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Huawei ရဲ့ NM ကတ်ကနေ နောက်ထပ် 256GB အထိ ထပ်စိုက်နိုင်ပါသေးတယ်။
Pro မော်ဒယ်ကို အနက်၊ ငွေ၊ ခရမ်းနဲ့ အစိမ်း ၄ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ လိမ္မော်ရောင်သားရေနဲ့ အထူးထုတ်မော်ဒယ်လည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်လိုပဲ IP68 ရေစိုခံနိုင်စွမ်း ရှိပါတယ်။
8GB RAM နဲ့ 256GB Storage ပါဝင်တဲ့ Mate 30 Pro (4G မော်ဒယ်) ကို ယူရို ၁,၁၀၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။ Mate 30 Pro 5G ဆိုရင်တော့ ယူရို ၁,၂၀၀ ဖြစ်သွားမှာပါ။ ယူရို ၁၀၀ ပဲ ကွာတာကြောင့် 5G သုံးချင်ရင် 5G မော်ဒယ် ယူထားတာက ပိုအဆင်ပြေပါလိမ့်မယ်။
မကြာခင်အချိန်အတွင်း Mate 30 Pro 4G ကို တရုတ်မှာ ကြိုတင် မှာယူနိုင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ ရက်မှာ စတင်ရောင်းချပေးသွားမှာပါ။ ကမ္ဘာ့ဈေးကွက်ကိုတော့ အောက်တိုဘာလောက်မှ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Google ဝန်ဆောင်မှုတွေ မပါဝင်တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ အနည်းငယ် ရောင်းအား ခက်နိုင်ပါတယ်။
Huawei Mate 30
Huawei Mate 30 Pro နဲ့ ရိုးရိုးမော်ဒယ်မှာ သိသိသာသာ ကွာခြားချက်ရယ်လို့တော့ မရှိပါဘူး။ စခရင်က ၆ ဒဿမ ၆၂ လက်မဆိုတော့ မဆိုစလောက် ပိုကြီးသွားပါတယ်။ ဒါပေမယ့် စခရင်ဘေးကို ကွေးနေတဲ့ ဒီဇိုင်းမဟုတ်တော့ဘဲ ရိုးရိုး စခရင် အပြားလိုက် ပုံစံပါပဲ။ Pro နဲ့ ယှဉ်ရင် Notch အနည်းငယ်သေးသွားသလို 3D ဆန်ဆာတွေလည်း ကွာသွားပါတယ်။
ကျောကင်မရာမှာ 40MP ဆန်ဆာ တလုံး ပြန်သုံးထားပြီး၊ 3x Optical Zoom ဆွဲနိုင်တဲ့ 8MP Telephoto ကင်မရာလည်း ပါဝင်လာပါသေးတယ်။ ဒါပေမယ့် မြင်ကွင်းကျယ် ကင်မရာကတော့ 16MP ဆန်ဆာ ဖြစ်သွားပြီး၊ ရှေ့ကင်မရာကလည်း 24MP ဆန်ဆာ ဖြစ်သွားပါတယ်။
Pro ကော ရိုးရိုးမော်ဒယ်မှာပါ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာ ပါဝင်မှာပါ။ Kirin 990 Chipset၊ 4G နဲ့ 5G နှစ်မျိုး ထုတ်မှာတွေလည်း တူညီပါတယ်။ Mate 30 ရိုးရိုးမော်ဒယ်မှာ ဘက်ထရီက အနည်းငယ်သေးသွားတဲ့ 4,200mAh ဘက်ထရီကို အသုံးပြုထားပြီး၊ 27W ကြိုးမဲ့အားသွင်းစနစ်နဲ့ 40W ကြိုးတပ်အားအမြန်သွင်းစနစ်တို့ အသုံးပြုနိုင်ပါတယ်။ ရေစိုခံနိုင်စွမ်းက Pro ထက် နိမ့်သွားပြီး IP53 ဖြစ်သွားမှာပါ။
Huawei Mate 30 ကို ယနေ့ပဲ တရုတ်နိုင်ငံမှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်ကိုတော့ Pro မော်ဒယ်နဲ့အတူတူ အောက်တိုဘာမှ ရောက်ရှိမှာပါ။ 8GB RAM နဲ့ 128GB ပါတဲ့ 4G မော်ဒယ်ကို ယူရို ၈၀၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။
Google Services အစားထိုး Huawei Mobile Services
အမေရိကန်အစိုးရနဲ့ အပြီးတိုင် မပြေလည်သေးတာကြောင့် Huawei Mate 30 Series မှာ Google Apps နဲ့ Google Services တွေ တခုမှ ပါလာမှာ မဟုတ်ပါဘူး။ ဒီ့အစား Huawei Mobile Services ကို ထည့်သွင်းပေးထားပါတယ်။ Google Play Services လိုပဲ အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက် ကုမ္ပဏီဘက်က ဒေါ်လာ ၁ ဘီလျံတိတိ ရင်းနှီးထားကြောင်း ပြောကြားသွားခဲ့ပါတယ်။
အသုံးပြုသူတွေအနေနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို Huawei ရဲ့ AppGallery ကနေ ရယူရမှာပါ။ လက်ရှိမှာ AppGallery ကို လစဉ်အသုံးပြုသူပေါင်း ၃၉၀ သန်းခန့် ရှိတယ်လို့ သိရပါတယ်။ Huawei ID က Google Account ပုံစံ ဖုန်းစနစ်တခုလုံးကို ချိတ်ဆက် အလုပ်လုပ်မှာပါ။
Google Photos နဲ့ Drive ကို အစားထိုးဖို့အတွက် Huaewi Mobile Cloud ရှိပါတယ်။ ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေကို အင်တာနက်ကနေ တိုက်ရိုက် Stream ကြည့်ရှုနိုင်မယ့် Huawei Video လည်း ပါဝင်လာပါတယ်။ Browser ကအစ Google Chrome မဟုတ်ဘဲ Huawei ကိုယ်ပိုင် Browser နဲ့ လာမှာပါ။
Ref: GSM Arena, Gizmochina