အများနဲ့မတူ တမူထူးခြားတဲ့ ဒီဇိုင်းနဲ့ NEX 3 စမတ်ဖုန်းကို မိတ်ဆက်ပေးပြီး မကြာခင်မှာပဲ Vivo က နောက်ထပ် ဒီဇိုင်းဆန်း ဖုန်းတလုံးကို ထပ်မံ ကြေညာလိုက်ပါတယ်။ Vivo V စီးရီး မျိုးဆက်သစ် Vivo V17 Pro ပါ။ အရင် V စီးရီးဖုန်းတွေလိုပဲ နိုင်ငံအများအပြားမှာ ကုမ္ပဏီရဲ့ အဓိကမော်ဒယ်အဖြစ် ရောင်းချသွားဖို့ ရှိပါတယ်။
စွမ်းဆောင်ရည်ပိုင်းအရ Vivo V17 Pro ဟာ ဒီနှစ်အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ V15 Pro နဲ့ သိပ်မကွာပါဘူး။ V15 Pro မှာ သုံးခဲ့တဲ့ Snapdragon 675 Chipset ကိုပဲ ပြန်သုံးထားပါတယ်။ ဒါပေမယ့် ကျန်အချက်အလက်တွေတော့ မတူတော့ပါဘူး။ အနိမ့်ဆုံး 8GB RAM နဲ့ လာမှာ ဖြစ်ပြီး၊ ဘက်ထရီကိုလည်း 4,100mAh တိုးပေးထားပါတယ်။ ၉.၈ မီလီမီတာ အထူရှိတာကြောင့် ကိုယ်ထည် ပိုထူသွားတာကိုလည်း သတိထားမိပါလိမ့်မယ်။
ဖုန်းကိုယ်ထည် ပိုထူသွားတာက ဘက်ထရီပိုကြီးသွားတာကြောင့် ဖြစ်နိုင်ပေမယ့် Pop-up ရှေ့ကင်မရာအစိတ်အပိုင်းအသစ် သုံးထားတာကြောင့် အခုလို သိသိသာသာ ပိုထူသွားတာ ဖြစ်ဖို့ ပိုများပါတယ်။
Vivo V17 Pro ဖုန်းကိုယ်ထည်ထဲကနေ ထွက်လာမယ့် မော်တာတပ် ရှေ့ကင်မရာအစိတ်အပိုင်းထဲမှာ ကင်မရာဆန်ဆာနှစ်ခုတိတိ ထည့်ပေးထားပါတယ်။ 32MP အဓိကကင်မရာနဲ့ 8MP မြင်ကွင်းကျယ် ကင်မရာပါ။ ဒီမော်ဂျူး အစိတ်အပိုင်းထဲမှာ ဖုန်းနားထောင်ခွက် Earpiece နဲ့ မှောင်နေရင် အလင်းထိုးပေးမယ့် LED မီးတို့ ပါဝင်ပါသေးတယ်။
Pop-up ကင်မရာသုံးထားတာကြောင့် Vivo V17 Pro မှာ ကြီးမားတဲ့ ဘေးဘောင်တွေနဲ့ Notch တို့ကို လုံးဝ တွေ့ရမှာ မဟုတ်ပါဘူး။ ၆ ဒဿမ ၄၄ လက်မအရွယ် 1080p OLED မျက်နှာပြင်က ဖုန်းကိုယ်ထည်အပြည့်နီးပါး နေရာယူနေမှာပါ။ မျက်နှာပြင်အချိုးအစား 20:9 နဲ့ ဖြစ်တာကြောင့် ဖုန်းက သာမန်ဖုန်းအများစုထက် အနည်းငယ် ရှည်လျားပါတယ်။ OLED မျက်နှာပြင်နဲ့ လိုက်ဖက်တဲ့ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာလည်း ထုံးစံမပျက် ပါဝင်လာမှာ ဖြစ်ပါတယ်။
V17 Pro ရဲ့ ကျောဘက်မှာတော့ စုစုပေါင်း ကျောကင်မရာ ၄ လုံး ပါဝင်ပါတယ်။ 48MP အဓိကကင်မရာ၊ 2x Zoom ဆွဲနိုင်တဲ့ 13MP Telephoto ကင်မရာ၊ အနီးကပ်ရိုက်ချက်တွေပါ ရိုက်နိုင်တဲ့ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 2MP Depth ဆန်ဆာ ၄ လုံးတွဲစနစ် ဖြစ်ပါတယ်။ ကင်မရာ ၄ လုံးကို ဒေါင်လိုက်ပဲ ထည့်သွင်းထားပါတယ်။
Vivo V စီးရီးမှာ ပထမဆုံးအကြိမ်အဖြစ် ခေတ်နောက်ကျနေတဲ့ micro-USB Port ကို V17 Pro မှာ လုံးဝ စွန့်ပစ်ထားပါတယ်။ ပရိတ်သတ်တွေ တောင်းဆိုမှုအများဆုံးဖြစ်တဲ့ USB Type-C ဖြစ်သွားပါပြီ။ Vivo ရဲ့ 18W Dual-Engine အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာပါ။
ဈေးနှုန်းအနေနဲ့ Vivo V17 Pro ကို အိန္ဒိယမှာ ၂၉,၉၉၀ ရူပီး (၄၂၂ ဒေါ်လာခန့်) သတ်မှတ်ထားပါတယ်။ အနက်နဲ့ အစိမ်းနုရောင် နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ဆို ဝယ်ယူနိုင်ပါပြီ။ တခြားဈေးကွက်တွေကို ရောက်လာဖို့တော့ ရက်အနည်းငယ် ကြာပါလိမ့်မယ်။
Ref: The Verge, GSM Arena
You may also like these stories:
ည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ OPPO R17 Pro စမတ်ဖုန်း
ဒီဇိုင်းအသစ်နဲ့ Huawei Mate 30 Series ကို မိတ်ဆက်
Vivo က Samsung နဲ့ လက်တွဲကာ 5G စမတ်ဖုန်းတလုံး ထုတ်လုပ်မည်