ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Google က ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အတွက် စံချိန်တင် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကမ္ဘာတဝန်း “ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ဆန္ဒပြမှု” (Climate Strike) မလုပ်ခင် တရက်အလိုမှာ Google က ယခုရင်းနှီးမြှုပ်နှံမှုကို ကြေညာလိုက်တာပါ။
လူငယ်တွေ ဦးဆောင်ပြုလုပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လမ်းလျှောက်ဆန္ဒပြပွဲကို စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲမှာ Google ဝန်ထမ်းပေါင်း ရာချီနဲ့ အခြားနည်းပညာကုမ္ပဏီဝန်ထမ်းတွေ လိုက်ပါ ဆန္ဒပြကြမှာပါ။ တပတ်တာ ကာလအတွင်း အနည်းဆုံး နိုင်ငံပေါင်း ၁၅၀ မှာ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဆန္ဒပြမှုတွေကို မြင်တွေ့ရဖို့ ရှိပါတယ်။
စုစုပေါင်း ၁,၆၀၀ မဂ္ဂါဝပ် အားရှိတဲ့ လေအားနဲ့ နေရောင်ခြည်စွမ်းအင်တွေကို ဝယ်ယူသွားမှာ ဖြစ်ပြီး၊ သဘောတူစာချုပ် ၁၈ ခု ချုပ်ဆိုထားပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။ Google ရဲ့ ယခုဝယ်ယူမှုဟာ ကော်ပိုရိတ်လုပ်ငန်းကြီးတွေရဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဝယ်ယူမှု သမိုင်းတလျှောက်မှာ အကြီမားဆုံးဝယ်ယူမှုအဖြစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။
ကန်ဒေါ်လာ ၂ ဘီလျံကျော်လောက်ကို အမေရိကန်၊ ဥရောပနဲ့ ချီလီက အခြေခံ အဆောက်အအုံအသစ်တွေ တည်ဆောက်ရာမှာ အသုံးပြုဖို့ လျာထားတယ်လို့ ဆိုပါတယ်။ “ဆိုလာခေါင်မိုး သန်းနဲ့ချီ ဝယ်သုံးတဲ့ ပမာဏ” နဲ့ ညီကြောင်း Google CEO ဆန်ဒါပီချိုင်က ဘလော့ဂ်ပို့စ်မှာ ရေးသားထားပါတယ်။။
Google ဟာ အရင်ကလည်း ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် စံချိန်တင် ဝယ်ယူမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ နှစ်စဉ် လျှပ်စစ်စွမ်းအင် အသုံးပြုမှု ပမာဏအတိုင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဝယ်သုံးနိုင်တဲ့ ပထမဆုံး ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ၂၀၁၈ မှာ ကုမ္ပဏီသုံးတဲ့ ပမာဏထက် ကျော်လွန်တဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ပမာဏကို ဝယ်သုံးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ကုမ္ပဏီ တိုးတက်ကြီးထွားလာတာနဲ့အတူ လိုအပ်တဲ့ လျှပ်စစ် စွမ်းအင်ပမာဏလည်း ပိုမို များပြားလာပါပြီ။ ဒါကြောင့် နောက်ထပ် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အမြောက်အများ ဝယ်သုံးဖို့ Google က ရင်းနှီးမြှုပ်နှံလိုက်တာပါ။ ၂၀၂၀ ကျရင်လည်း Google ထုတ် ပစ္စည်း (Made By Google Products) အားလုံးကို ပြန်လည် အသုံးချပစ္စည်း (Recycled Materials) တွေနဲ့ ထုတ်လုပ်မယ်လို့ ကတိကဝတ် ပြုထားပါတယ်။
ကမ္ဘာတလွှား ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာတာနဲ့အတူ Amazon၊ Apple၊ Microsoft စတဲ့ ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ရာနှုန်းပြည့် အသုံးချနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။
Ref: The Verge, Engadget, Google