တရုတ်နိုင်ငံရဲ့ နည်းပညာအချက်အချာကျ မြို့တော်တခုဖြစ်တဲ့ ဟန်ကျိုးမြို့အာဏာပိုင်အဖွဲ့ဟာ ဒေသတွင်း ပုဂ္ဂလိက ကုမ္ပဏီတွေထံ အစိုးရအရာရှိတွေ စေလွှတ်ဖို့ စီစဉ်လျက်ရှိပါတယ်။ Alibaba အပါအဝင် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၁၀၀ နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
တရုတ်နည်းပညာကုမ္ပဏီတွေဟာ အစိုးရနဲ့ ပတ်သတ်မှု မကင်းတာကြောင့် လုံခြုံရေးအန္တရာယ်ရှိနိုင်တယ်ဆိုပြီး အမေရိကန်က စိုးရိမ်နေချိန်မှာ ယခုသတင်းကြောင့် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။
ဟန်ကျိုးအစိုးရအဖွဲ့ကတော့ ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့အတွက် “ကုန်ထုတ်လုပ်မှု စီမံချက်အသစ်” အဖြစ် ပုဂ္ဂလိကကုမ္ပဏီတွေထံ အစိုးရကိုယ်စားလှယ်တွေ စေလွှတ်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အစိုးရနဲ့ ကုမ္ပဏီလုပ်ငန်းတွေအကြား လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပိုမိုချောမွေ့စေဖို့အတွက် ကိုယ်စားလှယ်အရာရှိတွေက ကူညီဆောင်ရွက်ပေးသွားမှာပါ။ အဆိုပါကုမ္ပဏီတွေကို အခွန်နှုန်းထားပါ လျော့ကောက်ပေးသွားမှာပါ။
အစိုးရကိုယ်စားလှယ်တွေ ရောက်လာမယ့် ပုဂ္ဂလိကကုမ္ပဏီ ၁၀၀ စာရင်းကိုတော့ လက်ရှိအချိန်ထိ အတိအကျ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Alibaba၊ ကားကုမ္ပဏီ Zhejiang Geely Automobile နဲ့ Wahaha အချိုရည်ကုမ္ပဏီတွေ ပါမယ်လို့ပဲ ကြေညာထားပါတယ်။
ယခုသတင်းနဲ့ ပတ်သတ်ပြီး Alibaba က အစိုးရရဲ့ စီမံချက်ကြောင့် ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက်မဖြစ်နိုင်ကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Geely ကုမ္ပဏီကတော့ မှတ်ချက်ပေးထားခြင်းမရှိသေးပါဘူး။
တရုတ်အစိုးရဥပဒေအရ ပြည်ပလုပ်ငန်းစုတွေအပါအဝင် ပုဂ္ဂလိကကုမ္ပဏီတိုင်းမှာ ဝန်ထမ်းတွေအတွက် တရားဝင်ပါတီအဖွဲ့အစည်းတွေ ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ အရင်က ကုမ္ပဏီတွင်း ပါတီအဖွဲ့အစည်းတွေဟာ ဟန်ပြလောက်သာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အတောအတွင်း ပါတီကိုယ်စားလှယ်တွေဟာ ကုမ္ပဏီလုပ်ငန်းလည်ပတ်မှုတွေကိုပါ ဝင်ရောက်ခြယ်လှယ် ဖိအားပေးမှုတွေ ရှိလာကြောင်း ပြည်ပအမှုဆောင်အရာရှိချုပ်အချို့က ထုတ်ပြောခဲ့ဖူးပါတယ်။
ဒါပမယ့် ယခုဟန်ကျိုးစီမံချက်ကတော့ နိုင်ငံရေးအရ မဟုတ်ဘဲ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကျဆင်းလာတဲ့ စီးပွားရေးကို ပြန်လည်ဦးမော့နိုင်စေဖို့ ဖြစ်တယ်လို့ Kaiyuan Capita ရဲ့ မန်နေဂျင်းဒါရိုက်တာ Brock Silvers က Bloomberg ကို ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုမြင့်မားတဲ့ အခြားဒေသတွေမှာလည်း အလားတူပေါ်လစီမျိုး ထွက်ပေါ်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းထားပါတယ်။
Ref: Reuters, Bloomberg
You may also like these stories:
ရော့ခ်စတားရှိုးပွဲကျင်းပပြီး Alibaba ကုမ္ပဏီကို ခွဲခွာနှုတ်ဆက်လိုက်တဲ့ Jack Ma
Alibaba မြန်မာမှာ ဒေါ်လာ ၉ သောင်းကျော်ဖိုး ဈေး စရောင်း
၈၅ စက္ကန့်အတွင်း ဒေါ်လာ ၁ ဘီလျံဖိုး ရောင်းချခဲ့ရတဲ့ Alibaba ဈေးရောင်းပွဲတော်
Alibaba က မြန်မာနိုင်ငံတွင် ပထမဆုံး အွန်လိုင်း ဈေးရောင်းပွဲ ပြုလုပ်မည်