တရုတ်စမတ်ဖုန်းကုမ္ပဏီ Lenovo ရဲ့ ဘတ်ဂျတ်ဖုန်းအသစ် “K10 Plus” ကို အိန္ဒိယနိုင်ငံမှာ စက်တင်ဘာ ၂၂ ရက်နေ့က မိတ်ဆက်ပေးလိုက်ပါတယ်။ 4GB RAM နဲ့ 64GB Storage ပါဝင်တဲ့ မော်ဒယ်တမျိုးထဲ ထုတ်သွားမှာ ဖြစ်ပြီး ရူပီး ၁၀,၉၉၉ (ကျပ် ၂ သိန်း ၃ သောင်းခန့်) နဲ့ ရောင်းချပေးသွားမှာပါ
စျေးနှုန်းအရ K10 Plus ဟာ Xiaomi နဲ့ Realme အပါအဝင် တန်ဖိုးနည်းဖုန်းစျေးကွက်မှာ နာမည်ရပြီးသား ဖုန်းအမှတ်တံဆိပ်အချို့ကို တိုက်ရိုက်ယှဉ်ပြိုင်မယ့် Lenovo ဖုန်းမော်ဒယ်အသစ် ဖြစ်ပါတယ်။ လက်ရှိခေတ်စားနေတဲ့ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ ၆.၂၂ လက်မအရွယ် IPS LCD မျက်နှာပြင်ကြီးကြီး သုံးပေးထားပါတယ်။ Notch အတွင်းမှာတော့ 16MP ရှေ့ကင်မရာတလုံးကို တွေ့မြင်ရမှာပါ။
တန်ဖိုးနည်းဖုန်းဖြစ်ပေမယ့် Lenovo K10 Plus မှာ ကျောကင်မရာသုံးလုံးတိတိ ပါဝင်လာပါတယ်။ 13MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 5MP Depth ဆန်ဆာ သုံးလုံးတွဲပါ။ Chipset ကိုလည်း စွမ်းဆောင်ရည်သင့်တင့်တဲ့ Snapdragon 632 SoC သုံးပေးထားပါတယ်။ 4GB RAM၊ 64GB Storage တို့ ပါဝင်မှာပါ။
2TB အထိ စိုက်နိုင်တဲ့ microSD ကတ်အပေါက်လည်း ပါဝင်ပါသေးတယ်။ 4,000mAh ဘက်ထရီက ဖုန်းပဲပြောမယ်ဆိုရင် ၃၉ နာရီအထိ ခံတယ်လို့ ဆိုပါတယ်။ 18W အားအမြန်သွင်းစနစ်လည်း အသုံးပြုနိင်မှာပါ။
ကျပ် ၂ သိန်းဝန်းကျင်ဖုန်းတလုံးအနေနဲ့ အားရစရာကောင်းတဲ့ အချက်အလက်တွေ ပိုင်ဆိုင်ထားတဲ့ Lenovo K10 Plus ကို Black နဲ့ Sprite ဆိုပြီး အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာပါ။ Bluetooth 5 ၊ FM Radio၊ 3.5mm နားကြပ်ပေါက်၊ အစုံအလင်ပါဝင်ပါတယ်။ နောက်ဆုံးပေါ် Android Pie အခြေခံ ZUI 11 နဲ့ စတင် အသုံးပြုနိုင်မှာဖြစ်ကာ၊ microUSB အပေါက်ဖြစ်နေတာတခုပဲ အားနည်းသွားမှာပါ။ စက်တင်ဘာ ၃၀ ရက်နေ့က စပြီး၊ Flipkart ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Ref: Gizmochina, BGR India
You may also like these stories:
Snapdragon 730 နဲ့ Lenovo Z6 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ
Snapdragon 855 Chipset နဲ့ 12GB RAM ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်း ထွက်ရှိလာ
ကျောကင်မရာ သုံးလုံးပါ Lenovo Z5s ကို ဒီဇင်ဘာ ၁၈ မိတ်ဆက်မည်